နယ်မြေမတည်ငြိမ်လို့ ပလက်ဝက ကျောင်း ၁၁၈ ကျောင်း ပိတ်ထားရ


2019.09.29
chin-school-622.jpg ချင်းပြည်နယ်တောင်ပိုင်း ၊ပလက်ဝမြို့နယ်၊ ဆမီးမြို့ ၊ ဒီလောင်ကုန်းရွာ မူလတန်းကျောင်းကို တွေ့ရစဉ်
Photo: Wai Lu Kyaw Foundation

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် ဒီစာသင်နှစ်မှာ စာသင်ကျောင်းပေါင်း ၁၁၈ ကျောင်းပိတ်ထားရတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင် သာယာရေးဝန်ကြီး ဦးစိုးထက်က RFA ကိုပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို ဖြည့်ပေးပေမယ့်လည်း လုံခြုံရေးစိုးရိမ်ရလို့ မသွားရဲကြဘူးလို့ ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

"ပညာရေးဝန်ကြီးဌာနကနေ ကျောင်းဆရာ၊ ဆရာမ ၃၀၀ လောက် Volunteer Teacher ဆိုပြီး ဖြည့်ပေးတယ်။ ဖြည့်ပေးပေမယ့် နယ်မြေမအေးချမ်းတဲ့ နေရာတွေကျတော့ ဒေသခံ ဆရာ၊ ဆရာမတွေတောင် မသွားရဲဘူးဖြစ်နေတယ်။ ဒါပေမဲ့ အရင်ထက်စာရင် ဆရာ၊ ဆရာမ လုံလောက်အောင် မြို့နယ်ပညာရေးမှူးတွေက စာသင်ကြားမှုမပျက်အောင် လုပ်နေတယ်။ ဒါပေမဲ့ နယ်မြေမအေးချမ်းတဲ့အခါကျတော့ လုပ်ရကိုင်ရခက်ပါတယ်။ ဒီနေ့ကောင်းပေမယ့် နောက်ရက်တွေကျ ကောင်းချင်မှ ကောင်းတာကိုး"

ပြီးခဲ့တဲ့ နှစ်၂၀၁၇-၂၀၁၈ မှာ ပိတ်ထားရတဲ့ စာသင်ကျောင်း ၄၃ ကျောင်းရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၁၈ ကျောင်းအထိ ရှိလာတာပါ။ မူလတန်း၊ အလယ်တန်း နဲ့ အထက်တန်းအဆင့် ကျောင်းတွေဖြစ်ပါတယ်။

ပလက်ဝမြို့နယ်ထဲက မောင်နှမရွာ၊ ငဒက်ရွာ၊ ပြင်ဆိုရွာ၊ ခမောင်းဝရွာနဲ့ ကင်းတလင်း စတဲ့ရွာတွေမှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေသူတွေ ထောင်နဲ့ချီ ရှိခဲ့ပြီး အခုချိန်ထိ နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲတွေ ပြန်ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဒေသခံတွေက မပြန်ရဲကြတာဖြစ်သလို ကျောင်းဆရာတွေကလည်း မသွားရဲကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီစာသင်ကျောင်း ၁၁၈ ကျောင်းဟာ အစိုးရက တရားဝင်ပိတ်ထားတာ မဟုတ်ဘဲ စာသင်ပေးမယ့် ဆရာ၊ ဆရာမ မရှိသလို ကျောင်းသား၊ ကျောင်းသူတွေလည်း မရှိတာကြောင့် ပိတ်ထားရတာပါ။

"ဆရာတွေ မလုံလောက်တာကိုလည်း Volunteer Teacher နဲ့ အကုန်ခန့်ထားပြီးပြီ။ ဒီနှစ်ထဲမှာ ထူးထူးခြားခြားလေး ခန့်ထားပြီးပါပြီ။ ကျောင်းပိတ်တယ်ဆိုတာလည်း မရှိပါဘူး။ အဲ့ နဂိုရွာမှာ လူလည်း မရှိတော့ဘူး။ ဘယ်သူမှ မရှိတော့ပဲနဲ့ ဘေးကင်းတဲ့နေရာကို ရွှေ့လာကြတာလေ။ အဲဒါကြောင့် ပိတ်တယ်လို့ ပြောလို့မရဘူး။ တချို့ကတော့ သူတို့နေရာ အေးချမ်းလို့ ပြန်သွားကြတယ်လေ။ ကျောင်းတွေကတော့ တစ်ခုမှမပိတ်တာ အမှန်ပဲ။ သူတို့ဘာသာသူတို့ သွားလိုက်ပြန်လိုက်၊ စိတ်မချဘူးဆို ပြေးလာလိုက်၊ စိတ်ချပြီဆိုပြီး ပြန်သွားလိုက်နဲ့ ကျမတို့မှာ စာရင်းအတိကျ မရှိဘူး"

ချင်းပြည်နယ် ပညာရေးမှူး ဒေါ်နှင်းဆီ ပြောသွားတာပါ။

ဒီရွာတွေက ကျောင်းသား၊ ကျောင်းသူတွေကို မီးဇာကျေးရွာနဲ့ ချင်းလက်ဝကျေးရွာတွေမှာ UNICEF ၊ လူမှုကူညီရေးအဖွဲ့တွေရဲ့ အကူအညီတွေနဲ့ စာသင်ကြားပေးနေတာတွေ ရှိပါတယ်။

ချင်းပြည်နယ်ဟာ တက္ကသိုလ်ဝန်ထမ်းအောင်စာရင်းမှာ အောက်ဆုံးအဆင့်မှာရှိပြီး ပလက်ဝမြို့နယ်ဟာ လေးရာခိုင်နှုန်းကျော်နဲ့ ချင်းပြည်နယ်မှာ အောင်ချက်အနည်းဆုံးမြို့နယ်လို့ သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တဲ့အပြင် နယ်မြေမတည်ငြိမ်မှုတွေကလည်း ပညာရေးဝန်ထမ်း မလုံလောက်လို့ စာသင်ကြားနိုင်ရေး ခက်ခဲနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပိုပြီးအခက်အခဲတွေနဲ့ ကြုံတေ့ွရစေပါတယ်။

ပလက်ဝဒေသခံ ကိုကျော်ခင် ပြောတာက  ----

"ကျောင်းကတော့ အကုန်လုံးပြန်ဖွင့်ပြီ။ ဒါပေမဲ့ ဒီမြို့နယ်ရဲ့ ပြဿနာကတော့ ပညာရေးဝန်ထမ်း မလောက်ငှတဲ့ ပြဿနာပေါ့။ တချို့ဟာတွေ ဖွင့်ရုံပဲ ဖွင့်တယ်ဆိုတဲ့ အနေထားပဲ ပြောရမလိုဖြစ်နေတာပေါ့။ တိုက်ပွဲမဖြစ်ခင်ကတည်းက ပြဿနာရှိနေပြီးသားလေ။ ကျောင်းဆောင်တွေက ကျိုးတဲ့ကျောင်းက ကျိုးနေပြီးမှ ကျောင်းတွေရှိနေပေမယ့် ဆရာ၊ ဆရာမ မလောက်တဲ့ ပြဿနာရှိနေတာလေ"

ချင်းပြည်နယ်မှာ ဒေသခံ ဆရာ၊ ဆရာမထက် ပြည်မကလာတဲ့ ဆရာ၊ ဆရာမတွေများပြီး တစ်နှစ်ပြည့်ရင် ပြန်လည်ပြောင်းရွှေ့ခွင့်ရှိတာကြောင့် အများစုဟာ ဆက်မနေဘဲ ပြောင်းရွှေ့သွားသူတွေသာ များပါတယ်။

တချို့ကျောင်းသားတွေဆိုရင် ချင်းပြည်နယ်ပြင်ပက တခြားမြို့တွေမှာ ကျောင်းသွားတက်ရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပလက်ဝမြို့မှာ ကျေးရွာအုပ်စု ၃၈၈ ခုရှိပြီး ကျောင်းပေါင်း ၃၈၄ ကျောင်းရှိပါတယ်။

၂၀၁၈ ဒီဇင်ဘာလောက်ကစတင်ခဲ့တဲ့ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အပြင် ရခိုင်ပြည်နယ်က မြို့နယ် ခုနှစ်ခုမှာလည်း ရာနဲ့ချီတဲ့ စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။