ပုလဲမြို့နယ်က ရွာနှစ်ရွာမှာ အိမ်လေးရာကျော် မီးရှို့ခံရ

2022.02.01
ပုလဲမြို့နယ်က ရွာနှစ်ရွာမှာ အိမ်လေးရာကျော် မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ပန်းရွာ နေအိမ်တွေ မီးလောင်ခဲ့တာကို ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက မွေ့တုံရွာနဲ့ ပန်းရွာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့တာခံရလို့ အိမ်ပေါင်း လေးရာကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက် မနေ့နေ့လယ်ပိုင်းက မြိုင်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား တစ်ရာဝန်းကျင်ဟာ မွေ့တုံရွာထဲတပ်စွဲခဲ့ပြီး ညပိုင်းမှာ မီးစတင် လောင်ကျွမ်းခဲ့တာလို့ ဒေသခံ တစ်ဦး က RFA ကို ပြောပါတယ်။

"မွေ့တုံရွာကို ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက်ကဝင်လာပြီး စာသင် ကျောင်းထဲမှာ တပ်စွဲတယ်။ ကျွဲ၊ နွား တိရိစ္ဆာန်တွေကို သတ်ဖြတ်ကြတယ်။ ဒေသခံ အများစုက ရွာထဲမနေရဲတော့ဘူး။ မနေရဲတော့ ရှောင်ပြေးကြတဲ့အချိန် ည ၈ နာရီ ဝန်းကျင် ရွာတောင်ဘက်ထိပ် ဘုန်းကြီးကျောင်းကနေ စရှို့တာ"

မွေ့တုံရွာမှာ အိမ်ခြေ ၂၈၀ ဝန်းကျင်ရှိပြီး အိမ်ခြေ ၂၇၀ ခန့် မီးလောင်သွားတာကြောင့် ဒီနေ့မနက်မှာတော့ အိမ်ဆယ်လုံးလောက်သာ ကျန်တော့တယ်လို့ အဲဒီဒေသခံက ပြောပြပါတယ်။

မွေ့တုံရွာအနီးက ပန်းရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆက်တိုက်ဝင်ရောက်ခဲ့ပြီး ညသန်းခေါင် ၁ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။

ပန်းရွာမှာ အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိပြီး အိမ်ခြေ ၁၅၀ ခန့် မီးထဲပါသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဲဒီရွာတွေထဲရောက်လာလို့ ရွာသားတွေလည်း ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီး မီးလောင်ကျွမ်းနေချိန်မှာလည်း မီးသတ်တပ်ဖွဲ့က လာရောက်ငြှိမ်း သတ်တာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီရွာနှစ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့တာလို့ ဒေသခံတွေက စွပ်စွဲထားရာ စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြို့လုံးကျွတ်မီးလောင်ကျွမ်းခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့ အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ် စတဲ့ဒေသတွေမှာလည်း စစ်ကောင်စီတပ်တွေ ရောက်လာပြီးတဲ့နောက် အိမ်တွေမီး လောင်ကျွမ်းခဲ့ရတယ်လို့ ဒေသအသီးသီးက ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။