ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် နေအိမ်နဲ့ သစ်စက်ဝန်ထမ်းအိမ်ရာ မီးရှို့ခံရ
2024.02.27

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာမှာရှိတဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ရဲ့ နေအိမ် အပါအဝင် သစ်စက်ဝန်ထမ်းအိမ်ရာနဲ့ သစ်စက်တွေကို ဖေဖော်ဝါရီလ ၂၅ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့သွားတယ်လို့ ဒေသခံတွေနဲ့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
အင်အားရှစ်ဆယ်ခန့်ပါ စစ်ကြောင်းဟာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်အိမ်နဲ့ သူ့ရဲ့ ညီဖြစ်သူ အိမ်အပါအဝင် သစ်စက်ဝန်ထမ်းအိမ်ရာ ခုနစ်လုံး၊ သစ်စက်ကြီးကြပ်သူနေတဲ့ အဆောက်အအုံတစ်လုံးနဲ့ သစ်စက်ကိုပါ မီးရှို့သွားတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီလဆန်းပိုင်းက အင်မထီးနဲ့ ဇီးဖြူကုန်းရွာက ပျူစောထီးတွေကို ခေါ်ထုတ်ကူညီပေးခဲ့တာကြောင့် စစ်ကောင်စီတပ်က အခဲမကြေဖြစ်ပြီး အခုလို ဝင်ရောက်မီးရှို့သွားတာလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်ဦးဇော်ထက်က RFA ကို ပြောပါတယ်။
“သူတို့လူတွေကို ခေါ်ခေါ်ထုတ်သွားတော့လေ အဲဒါတွေလည်း ပါမှာပေါ့။ တခြားအကြောင်းအရာတွေလည်း ပါတော့ပါမှာပေါ့။ မင်းတိုင်ပင်မှာ အိမ်ခြေငါးရာကျော်ရှိတဲ့အထဲကမှ ကျွန်တော့်အိမ်နဲ့ အရှေ့ဘက်ကကပ်လျက် ကျွန်တော့်ညီအိမ် နှစ်အိမ်တည်း သီးခြားကွက်ရှို့သွားတာဆိုတော့ ဒါကတော့ သိသာသွားတာပေါ့နော်။ သူတို့ အနေနဲ့ ကျွန်တော်တို့ကို စစ်ရေးပစ်မှတ်ပုံစံမျိုးနဲ့ သီးခြားလုပ်ဆောင်သွားတဲ့ ပုံစံမျိုးရှိတာပေါ့”
လက်ရှိ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ် အထိ ပုလဲမြို့နယ်၊ အမှတ်(၁) တိုင်းကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာလည်း တိုင်းကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရသူပါ။
မင်းတိုင်ပင်ရွာ သစ်စက်ဝန်ထမ်းအိမ်ရာမှာ နေထိုင်သူတွေဟာ တော်လှန်ရေးထဲ ဆက်စပ်ပါဝင်တာမရှိတဲ့အပြင် အစိုးရအဆက်ဆက် တာဝန်ထမ်းခဲ့သူတွေဖြစ်တာကြောင့် သူတို့အိမ်ရာတွေ ဘာကြောင့်မီးရှို့ခံရတယ်ဆိုတာ သေချာမသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ မင်းတိုင်ပင်ရွာ သစ်စက်ဝန်ထမ်းအိမ်ရာက မိသားစုငါးစုကိုတော့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက စားစရာနဲ့ နေစရာတွေ ကူညီပေးထားရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။