ပခုက္ကူ ပန်းတိုင်းခြုံရွာ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ရဲခုနစ်ဦး သေဆုံး
2024.05.03

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာ စစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မေလ ၂ ရက် မနေ့ညနေ ၄ နာရီခန့်က တိုက်ခိုက်ခဲ့ရာမှာ ရဲခုနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်စခန်းဟာ ပခုက္ကူမြို့နဲ့ ရှစ်မိုင်ခန့်ဝေးတဲ့ ပခုက္ကူ - ရေစကြို ကားလမ်းပေါ်မှာရှိပြီး ကင်းလှည့်ဖို့ ထွက်တဲ့အချိန် တိုက်ခိုက်ခဲ့တာလို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ပန်းတိုင်းခြုံမှာ သူတို့ တပ်စွဲထားတဲ့ ဂိတ်ရှိတယ်လေ။ တပ်စွဲထားတဲ့ဂိတ်ကနေ သူတို့ ရွာထဲကို ကင်းပတ်တဲ့ အချိန်မှာ စောင့်ပစ်ခံရတယ်လို့ သိရတယ်ဗျ။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပစ်တာဗျ၊။ ခုနစ်ယောက် သေတယ်။ ခုနစ်လက်ရတယ်"
အဲဒီစစ်ဆေးရေးဂိတ်ဟာ မော်တော်ယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မနေ့ညက ပန်းတိုင်းခြုံရွာကို ဝင်ရောက်စီးနင်းတာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။