ပခုက္ကူမှာ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခံရသူ ၂၈ ဦး ပြန်မလွတ်သေး
2023.04.05

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ရပ်ကွက်လေးခုမှာနေထိုင်တဲ့ ဒေသခံ ၂၈ ဦးကို ဧပြီလ ၂ ရက်ညပိုင်းက ဧည့်စာရင်းကို အကြောင်းပြပြီး စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပေမယ့် ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့ပေါ် အမှတ် (၃)၊ (၇)၊ (၁၁) နဲ့ (၁၅) စတဲ့ ရပ်ကွက်လေးခုက နေအိမ်ခုနစ်အိမ်မှာ နေထိုင်သူတွေကို မိသားစုလိုက် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၀ နှစ်အောက် ကလေးငယ်သုံးဦးအပြင် သက်ကြီး ရွယ်အိုတချို့နဲ့ အမျိုးသား၊ အမျိုးသမီးတွေပါ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ အဖမ်းခံရသူတွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ စွပ်စွဲခံရပြီး အခုလို ဖမ်းဆီးခံရတာလို့ RFA ကို ပြောပါတယ်။
“မိသားစုလိုက်တွေ အဖမ်းခံရတာ။ စုစုပေါင်း ၂၈ ယောက်။ ကလေး သုံးယောက်ပါတယ်။ သက်ကြီးပိုင်းတွေလည်း ပါတယ်။ ဒီလူတွေက PDF နဲ့ ဆက်နွယ်တယ်လို့ ယူဆလို့ ဖမ်းခံရတာ”
အဖမ်းခံရတဲ့ အကြောင်းအရင်းအပေါ် ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် တုံ့ပြန်ဖြေဆိုချက် မရခဲ့ပါဘူး။
ဖမ်းဆီးခံရသူအားလုံး ဧပြီလ ၅ ရက် ဒီနေ့အထိ ပြန်လွတ်လာတာ မတွေ့ရသေးဘူး လို့လည်း ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်အထိ တစ်နိုင်ငံလုံးမှာ ပြည်သူ ၁၇,၃၃၆ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။