ပခုက္ကူမြို့ဧရိယာ တိုးချဲ့ရေး ဒေသခံ ရွာသားများနဲ့ ညှိနှိုင်း

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ဧရိယာ တိုးချဲ့ရာမှာ သိမ်းယူခံရမယ့် လယ်ယာမြေဧက ငါးထောင်ကျော်အတွက် မြို့နယ်အုပ်ချုပ်ရေးအဖဲ့ွ က လျော်ကြေးပေးဖို့ ဒေသခံတွေနဲ့ တွေ့ဆုံညှိနှိုင်းနေပါတယ်။

သိမ်းခံရမယ့် လယ်ယာမြေတစ်ဧကအတွက် လျော်ကြေးဘယ်လောက်လိုချင်လဲ ဆိုတာကို ဒေသခံတွေရဲ့သဘော ထားတွေလိုက်လံမေးမြန်းတာဖြစ်တယ်လို့ ပခုက္ကူ မြို့နယ် အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် တောင်သူလယ်သမားရေး ရာကော်မတီ ဥက္ကဌ ဦးကျော်ကျော် က ပြောပါတယ်။

"ကျေးရွာအုပ်စု ၃ အုပ်စုဗျ၊ စုစုပေါင်းဧကဆိုရင် ၅၄၀၀ ၊ သူတို့ကတော့ ဒေသခံ တွေရဲ့သဘောတူညီ မှုကို လိုက်ကောက်တဲ့အနေအထားပါပဲ၊ ၁ ဧက ကို ဝိုင်းဘယ် နှစ်ကွက်လိုချင်လဲ၊ အဲ့ဒါမြေယာလျော်ကြေး ၁ ဧကကို ဘယ်လောက်လိုချင်လဲ၊ သူတို့ က မြို့မြေအဖြစ်သတ်မှတ်ဖို့ကိစ္စပဲ သူတို့က အကြောင်းပြု ပြီးပြောတော့ တောင်သူတွေ ကပိုပြီးတော့ လက်ခံနိုင်စရာမရှိဘူး"

ပခုက္ကူမြို့နယ် ချောက်ကန်၊ ကျွဲတဲ၊ လက်ပံကံ၊ လယ်ယာကြီး၊ မီးသွေးကန်၊ စိုတွင်း စတဲ့ ကျေးရွာ ၈ ရွာက လယ် ယာမြေဧက ငါးထောင်ကျော်ကို မြို့ဧရိယာ တိုးချဲ့ဖို့ အတွက်သိမ်းယူမှာဖြစ်ပါတယ်။

အဲ့ဒီလိုမြို့တိုးချဲ့ဖို့အတွက် လယ်ယာမြေတွေ သိမ်းယူခံရမှာကို ဒေသခံလယ်သမားတွေ က သဘောမတူကြောင်း ကန့်ကွက်ထားတယ်လို့ သိရပါတယ်။