နွေစပါး စိုက်ချိန်အတွင်း မိုးရွာလိုက်တဲ့ အတွက် အဖျင်းတွေ ထွက်လာတာလို့ လယ်သမားတွေက ပြောကြကြောင်း ဒေသခံတယောက်က ပြောပါတယ်။ လယ်ကွင်းတွေသွားပြီး စပါးရိတ်ရတဲ့စရိတ်၊ စပါးချွေရတဲ့ စရိတ်၊ ရွာကို သယ်ရတဲ့ စရိတ်၊ စပါးလှေ့ရတဲ့စရိတ်၊ စတဲ့ စရိတ် အရပ်ရပ်ပေါင်းရင် ရောင်းလို့ရတဲ့ ငွေထက် နည်းတဲ့ အတွက် လယ်သမားတွေ တွက်ချေ မကိုက်ကြဘူးလို့ ပြောပါတယ်။ တချို့လည်း ရွာသယ်ပြီး လှေ့ထားတဲ့ စပါးတွေကို ကြုံရာလူကို အခမဲ့ ပေးပစ်လိုက်တာ ရှိတယ်လို့ ဆိုပါတယ်။ ဒီအတွက် နောင်နှစ် စိုက်ဖို့ပျိုးဖို့ အခက်အခဲ ရှိနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဆင်းသုခ၊ ရတနာတိုး၊ မှော်ဘီ (၅) စတဲ့ သက်ငယ်မျိုး စပါးတွေကို နွေစပါးအဖြစ် စိုက်ပျိုးကြတယ်လို့ ပြောပါတယ်။ နွေစပါးကို ဇွန်လဆန်းကစ ရိတ်သိမ်းလေ့ရှိပြီး ရာသီဥတုကောင်းရင် တဧက တင်း ၈၀ ကနေ ၉၅ တင်းထိ ထွက်နိုင်ပါတယ်။ အထွက်ကောင်းပေမဲ့ အဖျင်းများနေရင် ရောင်းပန်း မလှဘဲ တောင်သူတွေ အရှုံးပေါ်ရပါတယ်။ ဒီနှစ် စပါးဈေးကွက်မှာ စပါးတင်း ၁ဝဝ ကို ကျပ် ၃၅ဝဝဝဝ ( ၃ သိန်းခွဲ) ဈေးနှုန်း ရှိပြီး ဆန် ၂၄ ပြည် တအိတ် ကျပ် ၁၅ဝဝဝ (တသောင်းခွဲ) ရှိပါတယ်။ မနှစ်တုန်းကတော့ နွေစပါး ဈေးကွက်မှာ စပါးတင်း ၁ဝဝ ကို ၃၂ဝဝဝဝ ( ၃ သိန်း ၂သောင်း) ဈေးရှိပြီး ဆန် ၂၄ ပြည် တအိတ်ကို ၁၂ဝဝဝ (သောင်း နှစ်ထောင်) ဈေးနဲ့ နွေစပါး ဈေးကွက် စခဲ့ပါတယ်။ ပဲခူးတိုင်းမှာ အခါမဲ့မိုး ရွာတဲ့ အတွက် မျိးစပါးတွေ အပျက်အစီး ရှိခဲ့တယ်လို့လည်း သိရပါတယ်။ အလားတူ ပဲခူးတိုင်း အနောက်ခြမ်းမှာ မျိုးစပါးတွေ မအောင်လို့ လယ်သမားတွေ အခက် တွေ့နေရပါတယ်။ ဦးဘအောင်က စုစည်းတင်ပြပါလိမ့်မယ်။
0:00 / 0:00