ကလေးမြို့နယ် ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရ

2021.09.07
ကလေးမြို့နယ် ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးနွယ်ရွာက မီးခိုးငွေ့တွေကို ၂၀၂၁၊ စက်တင်ဘာ ၇ ရက်နေ့က မြင်တွေ့ရစဉ်
ဓာတ်ပုံ - ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ရွာအချို့ကို စစ်ကောင်စီအဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံရွာသား ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသလို စက်တင်ဘာလ ၇ ရက် ဒီနေ့မှာလည်း ဒိုးနွယ်ရွာက နေအိမ် နှစ်လုံး မီးရှို့ခံရတယ်လို့ ကလေးမြို့ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်သားတွေရောက်လာလို့ ဒေသခံတွေ ထွက်ပြေးနေရချိန် မီးရှို့သွားတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒိုးနွယ်ရွာဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာထဲက လူနေအိမ် နှစ်လုံး မီးရှို့ခံရတယ်၊ သေနတ်တွေနဲ့လည်း ပစ်တယ်၊ စစ်ကောင်စီက ဒီဘက်ရွာတွေကို ၀င်နေတာ တစ်ပတ်လောက်ရှိပြီ၊ အခုလောလောဆယ်တော့ ရွာတွေက ပြည်သူတွေ ရှောင်ပုန်းနေကြတယ်၊ ရှားတောရွာက နှစ်ယောက်နဲ့ ဘုန်းကြီးကျောင်းထဲ ရှိနေသူတွေ ဖမ်းခံရတယ်၊ အရှေ့စည်းရွာသား နှစ်ယောက် ဖမ်းခံရတာ၊ တစ်ယောက် ပြန်လွတ်လာတယ်၊ ဘာလို့လွတ်လာလဲတော့ မသိရသေးဘူး၊ အခုထိ စစ်သားတွေ ရှိနေသေးတယ်၊ စစ်သားတွေ ဘာလို့လာနေတာလဲတော့ မသိဘူး” လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီအင်အား ၁၅၀ လောက်နဲ့ ရွာတွေကို ၀င်ရောက်ရှာဖွေတာတွေ ပြုလုပ်နေသလို ဒိုးနွယ်ရွာထဲမှာလည်း စစ်ကောင်စီတပ်သားတွေ ရှိနေသေးတာကြောင့် ထိခိုက်ဒဏ်ရာရှိမှု အခြေအနေကို မသိနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အင်းကျွန်း၊ ရေရှင်၊ လယ်ကြား၊ ကုက္ကိုလ်၊ ရှားတော၊ နွားရွာ၊ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်နဲ့ အရှေ့စည်းရွာက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွာခံတွေက ပြောပါတယ်။

ကလေးမြို့ဟာ စစ်ကောင်စီကို တူမီးသေနတ်တွေနဲ့ ခုခံကာကွယ်နေတဲ့ ဒေသ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့အပတ်ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာရှိတဲ့ ကင်းမရွာနဲ့ ၀န်ခြုံးရွာက ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ပေါက်မြို့နယ်က ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။