စစ်အာဏာသိမ်း ခြောက်လအတွင်း ဆယ်ကျော်သက် ၁၀၀ ကျော် အသတ်ခံရ
2021.07.26
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်လို့ ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးမှုတွေထဲမှာ လူငယ်တွေ အများအပြား အသတ်ခံခဲ့ရတာလည်း တစ်ခုပါဝင်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုချိန်ထိ ခြောက်လနီးပါး ကာလအတွင်း ဆယ်ကျော်သက်လူငယ် ၁၀၀ ကျော် အသတ်ခံခဲ့ရပါတယ်။ အဲဒီအထဲမှာ ရန်ကုန်တိုင်း တာမွေမြို့နယ် ရဲစခန်းရှေ့မှာ မတ် ၁၄ ရက်တုန်းက ခေါင်းကို အပစ်ခံလိုက်ရတဲ့ အသက် ၁၇ အရွယ် မောင်ခန့်ငြားဟိန်းဟာ ပထမနှစ် ဆေးကျောင်းသား တစ်ယောက်ပါ။ ဆယ်ကျော်သက်အရွယ် ဆေးကျောင်းသားလေးရဲ့ နိုင်ငံအပေါ်ထားတဲ့ ရည်ရွယ်ချက်က ဆေးရုံ၊ ဆေးခန်းရှားပါးပြီး ဆေးကုသဖို့ ခက်ခဲတဲ့ နေရာတွေမှာ ဆေးရုံဆောက်ပြီး ကုသပေးချင်သူပါ။
"သူ့မျှော်လင့်ချက်ကြီးက အကြီးကြီးပဲ။ သူတို့သူငယ်ချင်းတွေ ဘယ်လို လုပ်ထားလဲဆိုတော့ သူတို့ ဆရာဝန်ဖြစ်အောင် ကြိုးစားကြမယ်။ ဆရာဝန်ဖြစ်လာရင် ဆေးရုံလေး တစ်ခုဖွင့်မယ်။ ဖွင့်တာတောင်မှ မြို့ပေါ်မှာမဟုတ်ဘူး။ နယ်ဘက်မှာ။ သူတို့ Plan တွေ သူတို့ချထားကြတာပေါ့။ ဒါသူတို့ရည်ရွယ်ချက်ပေါ့။ သူတို့ရည်ရွယ်ချက်အတိုင်း ဖော်ဆောင်နေကြတာပေါ့။ ဒီကာလမှာ ဒီလိုဖြစ်သွားတော့ သူ့ရဲ့ ရည်ရွယ်ချက် တွေ ပျောက်ဆုံးသွားတာပေါ့ဗျာ။"
ဒါကတော့ စစ်ကောင်စီရဲ့အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရတဲ့ ဆယ်ကျော်သက်အရွယ် မောင်ခန့်ငြားဟိန်းရဲ့ ဖခင် ပြောပြသွားတာပါ။
စစ်အာဏာရှင်စနစ်ကို မလိုလားလို့ ကန့်ကွက်ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် နှိမ်နှင်းခဲ့တာကြောင့် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၂၄ ရက်အထိ သေဆုံးသူ စုစုပေါင်း ၉၃၀ ကျော် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန် ထားပါတယ်။
AAPP အဖွဲ့က ပြုစုထားတဲ့ အာဏာသိမ်းအပြီး စစ်အာဏာပိုင်တွေက ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးရတဲ့ အရပ်သားပြည်သူစာရင်းနဲ့ RFA က သီးခြားပြုစုထားတဲ့ သေဆုံးသူစာရင်းတွေကို လေ့လာစိစစ်ရာမှာ အသက် ၁၀ နှစ်ကနေ ၁၉ နှစ်အကြား အရွယ်မရောက်ခင် သေဆုံးရသူ ဆယ်ကျော်သက် အရေအတွက် ၁၁ဝ နီးပါး ရှိနေပါတယ်။
ဆယ်ကျော်သက်တွေ အသတ်ခံရတဲ့အထဲမှာ တနင်္သာရီတိုင်း ထားဝယ်မြို့က ဆိုင်ကယ်စီးရင်း ပစ်သတ် ခံလိုက်ရတဲ့ အသက် ၁၇ အရွယ် မောင်ကျော်မင်းလတ်လည်း ပါဝင်ပါတယ်။
မောင်ကျော်မင်းလတ် ဟာ မိသားစုစီးပွားရေး မပြေလည်တာကြောင့် အလယ်တန်းနဲ့ အလုပ်ထွက်ခဲ့ပြီး ပန်းရံနဲ့ အလူမီနီယံ ပရိဘောဂလုပ်ငန်းတွေမှာ အလုပ်လုပ်ရင်း မိဘကို ရှာကျွေးနေတဲ့ သားလိမ္မာ တစ်ယောက်ဖြစ်တယ်လို့ မိဘတွေက ဆိုပါတယ်။

မတ် ၂၇ ရက်မှာတော့ သူအလုပ်လုပ်တဲ့ ဘုန်းကြီးကျောင်းကနေ ပြန်လာပြီး သူငယ်ချင်းတွေနဲ့ ခဏ ထွက်သွားရာကနေ အိမ်ကို အပြီးတိုင် ပြန်မလာနိုင်တော့ဘူးလို့ သူ့ဖခင် ဦးစိုးလတ်က ပြောပါတယ်။
"ပြောပြချင်တာတွေကတော့ ရှိတာပေါ့။ ခံစားနေရတာပေါ့လေ။ ကျနော့်ကလေးက အလုပ်လုပ်စွမ်းနိုင်တဲ့ အရွယ်လေး ရှိသေးတယ်လေ။ မိဘကို လုပ်ကျွေးနေတဲ့ ကလေးလေ။ ပြောလို့လည်းမထွက်ဘူး။ စိတ်တော့ လည်းနာတာပေါ့။ သူက မိဘကို လုပ်ကျွေးဖို့ ဆရာဖြစ်ချင်တယ်၊ ဆရာလုပ်မယ်ပေါ့။ အလူမီနီယံ ဆရာ လိုမျိုး၊ ပန်းရံဆရာလိုမျိုး ဖြစ်မယ်ပေါ့။ ဦးနှောက်လည်းကောင်းတယ်လို့ အလုပ်တစ်ခု ပြလိုက်ရင် ချက်ချင်းတတ်တယ်။ အလူမီနီယံမှာလည်း မျက်နှာလွှဲလို့ရနေပြီလေ သူက။ အလူမီနီယံမှာ အလုပ် မရှိဘူးဆို ပန်းရံလည်းလုပ်တယ်။ သူဖြစ်တဲ့အချိန်က ဝေဒီဘုန်းကြီးကျောင်းကနေ အလုပ်လုပ်ပြီး ပြန်လာတာ၊ ပြန်လာတာ နှစ်ရက်ရှိသေးတယ်။"
မောင်ကျော်မင်းလတ် တို့သူငယ်ချင်း သုံးယောက်စီးလာတဲ့ ဆိုင်ကယ်ဟာ လမ်းခုလတ်မှာ စစ်ကားနဲ့ တည့်တည့်တိုးပြီး ရုတ်တရက် အနီးကပ် ပစ်ခတ်ခံလိုက်ရတဲ့ CCTV မှတ်တမ်းဗီဒီယိုကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကလည်း ချက်ချင်း ထုတ်လွှင့်ပြသခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်၊ မတ် ၂၇ ရက် တော်လှန်ရေးနေ့ တစ်ရက်တည်းမှာတင် မြန်မာတစ်နိုင်ငံလုံးမှာ ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်ခံရလို့ သေဆုံးခဲ့ရသူ ၁၆၀ ကျော်ရှိခဲ့ပြီး အဲဒီအထဲမှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ မွန်စတဲ့ ပြည်နယ်နဲ့တိုင်းတွေက ဆယ်ကျော်သက်အရွယ် ၁၈ ယောက်ပါဝင်ပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ် (၂) ရပ်ကွက်က အသက် ၁၂ အရွယ် မောင်ထူးမြတ်ဝင်း ကတော့ လမ်းပေါ် ထွက်ဆန္ဒပြလို့ ပစ်ခတ်ခံရတာမဟုတ်ဘဲ အိမ်ထဲမှာနေရင်း စစ်ကောင်စီတပ်တွေ ပစ်လိုက်တဲ့ကျည်ဆန်က ဝမ်းဗိုက်ကို ထိမှန်ပြီး သေဆုံးခဲ့သူပါ။
"ကိုယ့်သားလေးအတွက် ကိုယ်မျှော်လင့်ထားတာပေါ့။ သူတို့အတွက် ကိုယ်က အသက်ရှင်နေတာလေ။"
အသတ်မခံရင် ရက်ပိုင်းလောက်မှာ သူကြီးလာရင် ဘောလုံးသမားလုပ်မယ်လို့ တဖွဖွပြောခဲ့တဲ့သားအတွက် အခုချိန်ထိ မိခင်ဖြစ်သူက တွေးမိတိုင်း ငိုကြွေးနေရဆဲပါ။
"ကိုယ့်သားလေးကိုယ် နှမြောတာပေါ့။ သူက အားကစားဝါသနာပါတာ။ ကလေးဆိုတော့ အဆော့ပဲပေါ့။ ဘောလုံးကန်ရရင်ပြီးရော သူ့စိတ်က၊ ပညာရေးကတော့ အလယ်လတ်ပဲ၊ ဘာရလဲဆို အားကစားနဲ့ ပတ်သက်တဲ့ဆုတွေရတယ်။ အာလူးကောက်၊ အပြေးပြိုင် အဲလိုတွေဝါသနာပါတယ်။ ကလေးကလည်း ကလေး၊ ယောက်ျားလေးကလည်း ယောက်ျားလေး။ သားက ကြီးလာရင် ဘောလုံးသမားလုပ်မှာတဲ့။ မဖြစ်ခင် ရက်ပိုင်းလောက်က အဲလိုမျိုး ပြောခဲ့သေးတာ။ အခု ဘာမှကို မပြောနိုင်ဘူး။ နားလည်နေပြီ သိတတ်နေတဲ့ အရွယ်ရောက်နေပြီလေ။ ကိုယ့်သားလေးအတွက် ကိုယ်မျှော်လင့်ထားတာပေါ့။ သူတို့အတွက် ကိုယ်က အသက်ရှင်နေတာလေ။ ကိုယ်မွေးထားတဲ့သား။ ဒါပဲ အဲဒါပဲပြောချင်တယ်။"
ဗုဒ္ဓဘာသာထုံးစံအရ သားယောက်ျားလေးကို ရှင်ပြုပေးဖို့ဟာ မိဘတွေရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ပါ။ ဒါပေမဲ့ မောင်ထူးမြတ်ဝင်းဟာ ရှင်ပြုဖို့ ပြင်ဆင်နေတဲ့ကာလမှာပဲ အသတ်ခံလိုက်ရတာကြောင့် သူ့ရှင်ပြုအလှူမှာ ဝေမယ့် ယပ်တောင်တွေကို သူ့နာရေးမှာပဲ ဝေလိုက်ရတဲ့အဖြစ်က စိတ်ထိခိုက်စရာ ကောင်းလှတယ်လို့ မိသားစုက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အသက် ၁၀ နှစ်ကနေ ၁၉ နှစ်ကြား ဆယ်ကျော်သက် အရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ ၂၁.၄၆ ရာခိုင်နှုန်းရှိတာကြောင့် ကြီးမားတဲ့ အင်အားတစ်ရပ်ဖြစ်ကြောင်း၊ ဒီလူငယ်တွေဟာ အနာဂတ်မှာ လူ့ဘောင်အဖွဲ့အစည်းကောင်းကျိုးကို ထမ်းရွက်မယ့် သူတွေ ဖြစ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရအဖွဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက်မှာကျင်းပတဲ့ ဆယ်ကျော်သက်လူငယ်များ ညီလာခံမှာ ပြောခဲ့ဖူးပါတယ်။ ကလေးသူငယ်တွေရဲ့ အသက်ရှင်သန်ခွင့်၊ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ် စောင့်ရှောက်ပိုင်ခွင့်နဲ့ ကဏ္ဍအသီးသီးမှာ တန်းတူ ပါဝင်ဆောင်ရွက်ခွင့်ဆိုတဲ့ အခွင့်အရေး လေးခုကို အပြည့်အဝ ရပိုင်ခွင့်ရှိတယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောခဲ့ဖူးပါတယ်။
အခု အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာတော့ တိုင်းပြည်အနာဂတ်ရဲ့ အင်အားတွေဖြစ်လာမယ့် ဆယ်ကျော်သက်လူငယ်တွေဟာ အခွင့်လမ်းတွေ ဆုံးရှုံးနေရတယ်လို့ ကိုယ်တိုင်လည်း လူငယ်တစ်ယောက် ဖြစ်တဲ့ တကသ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
"သေချာတယ်ဗျ ဆယ်ကျော်သက်တွေရဲ့အင်အားက တိုင်းပြည်ရဲ့အနာဂတ်၊ သိပ္ပံနဲ့နည်းပညာ ခေတ်ကြီး မှာ သူတို့က ကြိမ်းသေပေါက် တိုးဝင်မှာ။ သူတို့ရဲ့အတွေးတွေ၊ အမြင်တွေ၊ နည်းပညာဆိုင်ရာ တိုးတက်မှုတွေက သူတို့က တိုင်းပြည်အတွက် အားတွေ အများကြီဖြစ်ပြီးတော့ အပြောင်းလဲ တွေ ဖော်ဆောင်ပေးနိုင်တဲ့ မျိုးဆက်တစ်ခု ဖြစ်တယ်ဗျ။ ဒါပေမဲ့ ဒီမျိုးဆက်က အခုချိန်မှာ ဝမ်းနည်းစရာ ကောင်းလောက်အောင်ပဲ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာဆိုင်ရာ အခွင့်လမ်းတွေ အကုန်လုံး ဆုံးရှုံးပြီးရင်း ဆုံးရှုံး နေရလို့ တိုင်းပြည်အတွက် အရမ်းနစ်နာတယ်။ မျိုးဆက်တစ်ခုနဲ့ချီပြီး ပြောင်းလဲ ပေးနိုင်တဲ့ အခွင့်အရေး တွေ လက်လွတ်ရမလိုဖြစ်နေတယ်။ လက်မလွတ်ရအောင် စစ်ကောင်စီရဲ့ ဖက်စစ် စစ်တပ် အမြစ်ဖြတ်မှပဲ ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့်လည်း ကျနော်တို့မျိုးဆက်တွေက ကြိုးစား နေကြပါတယ်။"
ဆယ်ကျော်သက်တွေရဲ့ အခွင့်အရေး ဆုံးရှုံးတာ အနာဂတ်တွေ ပျက်စီးတာဟာ တိုင်းပြည်အနာဂတ် ပျက်စီးတာပဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ယောက်က RFA ကို ပြောပါတယ်။
"ဆယ်ကျော်သက်တွေ လူငယ် လူရွယ်တွေဆိုတာက ကျနောတို့နိုင်ငံ၊ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တယ်။ ကျနော်တို့တွေက အသက်တွေ ကြီးလာပြီ။ ကျနော်တို့က အများကြီး နေရတော့မှမဟုတ်ဘူး။ ကျနော်တို့ နေဝင်ချိန်မှာ သူတို့တွေ လူငယ် လူရွယ်တွေက ကောင်းကောင်းမွန်မွန် ထားနိုင်မယ့် အနေထားမျိုးတွေ ကျနော်တို့တွေ မျှော်လင့်ခဲ့တယ် ပေါ့ဗျာ။ သူတို့ရဲ့ အနာဂတ်တွေကိုလည်း သူတို့ကိုယ်တိုင် ထုဆစ်နိုင်ဖို့ အတွက် အားလုံးဝိုင်းပြီး ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အခုအခြေအနေမှာ သူတို့ရဲ့အနာဂတ်က လုံးဝ ပျက်စီးသွားပြီ။ ဒီလူငယ် လူရွယ်တွေရဲ့ အနာဂတ် ပျက်စီးသွားတာသည် တိုင်းပြည်အနာဂတ် ပျက်စီး သွားတာဖြစ်တယ်။ ဘယ်လောက် ပျက်စီးသွားသလဲဆိုရင် တိုင်းတာလို့မရတဲ့အထိ ပျက်စီးသွားတယ်လို့ ပြောချင်တယ်။"
၁၉၈၈ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ဖြတ်သန်းခဲ့ရတဲ့ ဆယ်ကျော်သက်တွေရဲ့ ဘဝက စစ်အာဏာရှင် စနစ်ဆိုးတစ်ခုကိုပဲ ရင်ဆိုင်ကြရပေမယ့် အခုခေတ် ဆယ်ကျော်သက်တွေကတော့ စစ်အာဏာရှင်စနစ်အပြင် ကိုဗစ်ကပ်ရောဂါကြီးကိုပါ ရင်ဆိုင်ခံစားနေရတာကြောင့် သူတို့ရဲ့ အနာဂတ်တွေ ပိုပြီး ပျက်စီးဆုံးရှုံး ကြရတယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သုံးသပ်ပြောဆိုကြပါတယ်။