နှစ်နှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ တစ်ထောင်ကျော်ရှိ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.27
နှစ်နှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ တစ်ထောင်ကျော်ရှိ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချပြီးနောက် ကြိုးပေးသတ်ဖြတ်ခဲ့သည့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီနှင့် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်။
RFA

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံလိုက်ရသူ တစ်ထောင်ကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးသွားပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အရှင်လတ်လတ် မီးရှို့ခံရတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရတာ စတဲ့နည်းမျိုးစုံနဲ့သေဆုံးခဲ့သူ ၁၀၇၀ ဦးရှိတယ်လို့ AAPP က ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့အထိ နှစ်နှစ်ကျော်အတွင်း AAPP က ကောက်ယူရရှိတဲ့ စာရင်းတွေအရ ဖမ်းဆီးသွားပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အရှင်လတ်လတ် မီးရှို့ခံရတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရတာ စတဲ့နည်းမျိုးစုံနဲ့သေဆုံးခဲ့သူ ၁၀၇၀ ဦးရှိတယ်လို့ AAPP က ဖော်ပြပါတယ်။

အသတ်ခံရသူတွေဟာ အမျိုးသား ၉၈၅ ဦး၊ အမျိုးသမီး ၅၇ ဦး၊ စုံစမ်းဆဲ ၂၈ ဦးဖြစ်ပြီး ၉၂ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အသက်အရွယ်အားဖြင့် ၁၈ နှစ်အောက်ကနေ ၆၀ ကျော်အရွယ်အထိ ပါဝင်ပါတယ်။

အသတ်ခံရသူ အရေအတွက်အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး လူဦးရေခြောက်ရာနီးပါး၊ မန္တလေးတိုင်းက တစ်ရာကျော်၊ မကွေးတိုင်းက တစ်ရာကျော် ပါဝင်တယ်လို့ AAPP က ပြောပါတယ်။

စစ်ကြောရေးနဲ့ ထောင်တွင်းသေဆုံးမှုတွေမှာ ရုပ်ပိုင်းဆိုင်ရာနှိပ်စက်တာ၊ ဆေးကုသခွင့် မပေးတာ၊ အစားအစာနဲ့ သောက်ရေ မပေးတာတွေကြောင့် သေဆုံးမှုတွေပါဝင်ပြီး၊ အဓမ္မဖမ်းဆီးခံရသူတွေထဲမှာ လူသားဒိုင်း အဖြစ်အသုံးပြုတာ၊ သေနတ်နဲ့ပစ်သတ်ခံရတာ၊ အရှင်လတ်လတ်မီးရှို့ အသတ်ခံရတာတွေ ပါဝင်တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။

ရုပ်ပိုင်း၊ စိတ်ပိုင်း မသန်စွမ်းသူ နှစ်ဦးလည်း အသတ်ခံရတဲ့ထဲမှာ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

AAPP ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဟာ အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူစာရင်းကို စုဆောင်းပြီး နိုင်ငံတကာသိအောင် ထုတ်ပြန်ပေးနေတဲ့အတွက် ၂၀၂၃ ခုနှစ် မတ်လမှာနယ်သာလန်နိုင်ငံအခြေစိုက် Geuzen ဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုကို ရရှိခဲ့ပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။