လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝဒေသခံ ၅၀၀ ကျော် အိန္ဒိယဘက် ထွက်ပြေး

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးနေကြရသည့် ပလက်ဝမြို့နယ်ဒေသခံများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးနေကြရသည့် ပလက်ဝမြို့နယ်ဒေသခံများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ် (Photo: Arakan Army Video - screen capture)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက မြိတ်ဝကျေးရွာအနီးမှာ စက်တင်ဘာ ၂ ရက် မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံ ၅၀၀ ကျော် အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပလက်ဝမြို့နယ် စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့တာဝန်ခံ တစ်ဦးက RFA ကို ဒီကနေ့ ပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မရှိပေမယ့် မြိတ်ဝကျေးရွာမှာ နေထိုင်သူမရှိတော့ဘဲ ရွာလုံးကျွတ် ထွက်ပြေးကြတာလို့ သူကပြောပါတယ်။

"လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ မြိတ်ဝကျေးရွာ တစ်ရွာလုံးကို ထွက်ပြေးတာ။ ရွာမှာ တစ်ယောက်မှမကျန်တော့ဘူး။ ပလက်ဝမြို့နယ် ထဲမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ဘေးရှောင်တွေကတော့ ပလက်၀ မြို့ပေါ်ကို ထွက်ပြေးကြတာရှိသလို အိန္ဒိယဘက်အခြမ်း မီဇိုရမ်ပြည်နယ်ထဲကိုလည်း ထွက်ပြေးကြတာရှိတယ်"

တိုက်ပွဲဖြစ်ပွားမှုကို AA ဘက်အတည်ပြုထားပေမယ့် စစ်တပ်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မြိတ်ဝကျေးရွာဟာ ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်ထဲမှာ ရှိပြီး လူဦးရေ ၇၀၀ နီးပါးနေထိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်နိုဝင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။

ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) ကလည်း ပလက်ဝ မြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေပြီး ကိန်းဂဏန်းအတိအကျကို အတည်ပြုနိုင်ဖို့ ခက်ခဲ နေသေးတယ်လို့ စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

UNOCHA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေ ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဘေးဒုက္ခသည် ၁ ဒသမ ၃ သန်းဝန်းကျင် ရှိလာပါတယ်။