အာဏာသိမ်း ၂၁ လအတွင်း အမျိုးသမီး ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း FEM အဖွဲ့ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ အချိန် ၂၁ လအတွင်း အမျိုးသမီး ၃၀၀ ကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ (FEM) က နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာ ၂၅ ရက် ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ အမျိုးသမီးတွေအတွက် မှတ်တမ်းတင်ထားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီး ၃၀၀ ကျော်ထဲမှာ ၅၈ ဦးဟာ ၁၈ နှစ်အောက် ကလေးငယ်တွေ ဖြစ်ပြီး အဲဒီအထဲက ၃၀ ကတော့ ၁၂ နှစ်အောက် ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု လုပ်ရပ်တွေကို တိုင်တန်းဖို့အတွက် စစ်အာဏာ သိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကောင်းမွန်မျှတတဲ့ တရားစီရင်ရေး စနစ်မရှိဘူးလို့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတစ်ဦးက ထောက်ပြဝေဖန်ပါတယ်။
"စစ်အာဏာသိမ်းထားတဲ့ ဒီနိုင်ငံမှာ စစ်ကောင်စီ ကျုးလွန်မှုတွေကို နစ်နာသူတွေက တိုင်တန်းတဲ့အခါ မျှတတဲ့ တရားစီရင်မှု မရတဲ့အပြင် တခြားအန္တရာယ်တွေပါ ထပ်ရင်ဆိုင်ရလို့ တိုင်တန်းတဲ့ သူလည်း မရှိပါဘူး၊ နောက်တစ်ခုက လက်ရှိ တရားစီရင်ရေး စနစ်ကို ပြည်သူတွေ ယုံကြည်ကိုးစားမှု မရှိတာလည်း ပါတာပေါ့"
သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ ကျောင်းသူ၊ လူငယ်တွေနဲ့၊ ဆရာမ၊ သူနာပြု၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ သီလရှင်စတဲ့ အလွှာပေါင်းစုံက အသက်အရွယ်မျိုးစုံက အမျိုးသမီးတွေ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပေမယ့် စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်တပ်ဟာ လေကြောင်း၊ ကုန်းကြောင်း၊ ရေကြာင်းတွေကနေ ထိုးစစ်ဆင်နေတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ မလုံခြုံမှုတွေ ခံစားနေကြရတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကတော့ စစ်အာဏာသိမ်းထားတဲ့ ၂၁ လအတွင်းမှာ နိုင်ငံတစ်ဝန်းက အမျိုးသမီး ၃၇၀ သေဆုံးခဲ့ရပြီး ၃၃၈၅ ဦး ဖမ်းဆီးခံထားရကာ ၁၂၇ ဦး လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံခဲ့ရတယ်လို့ သူတို့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။