အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ဒါဟာ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ပိုင် အယူအဆ မဟုတ်သလို ရေးသားထားချက် တွေဟာ သက်ဆိုင်သူတွေ အတွက် အပြုသဘော ဆောင်တဲ့ အနေအထား မတွေ့ရဘူးလို့ ဆိုပါတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးနိုင်ငွေသိန်းနဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် တို့က အမတ် ၂၃ ဦးရဲ့ စာပါ အသုံးအနှုန်းတွေနဲ့ ပတ်သက်လို့ ဝေဖန် ပြောကြားရင်း သူတို့ အနေနဲ့ ကတော့ အရင်က ကြေညာထားတဲ့ အတိုင်း ညီနောင် တိုင်းရင်းသား ၅ ပါတီရဲ့ ငြိမ်းချမ်းရေး အကြံပြုချက် အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် KNU ရဲ့ ဒု-ဥက္ကဌ ဖဒို စောဒေးဗစ် တာကပေါ ကတော့ ဒီအမတ် ၂၃ ဦးဟာ ဦးသိန်းစိန် အစိုးရရဲ့ အလိုအတိုင်း ဆောင်ရွက်တာလို့ ပြောပါတယ်။
အဲဒီ သုံးသပ်ချက် အမြင်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
အဲဒီ လွှတ်တော်အမတ် ၂၃ ဦး လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာကို အစိုးရထုတ် မြန်မာ့သတင်းစာက သြဂုတ်လ ၈ ရက်နေ့က ဖော်ပြရာမှာ မူရင်း အတိုင်း မဟုတ်ဘဲ “ဒေါ်အောင်ဆန်းစုကြည်၏ ဇူလိုင်လ ၂၈ ရက်စွဲပါ အိတ်ဖွင့် ပေးစာအား ရည်ညွှန်းလျှက်” ဆိုတဲ့ ခေါင်းစီး စာသားကို ဆင်ဆာ ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး ကူညီ ဆောင်ရွက်ဖို့ ကမ်းလှမ်းထားတဲ့ အိတ်ဖွင့် ပေးစာကို အစိုးရ သတင်းစာက ဖော်ပြခြင်း မပြုဘဲ၊ အစိုးရရဲ့ လုပ်ရပ်ကို ထောက်ခံတဲ့ လွှတ်တော် အမတ်တွေရဲ့ အိတ်ဖွင့်ပေးစာကိုသာ ဖော်ပြခဲ့မှု၊ လွှတ်တော် အမတ်တွေရဲ့ အိတ်ဖွင့် ပေးစာထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အတိုက်အခံတွေက ငြိမ်းချမ်းရေး မလိုလား သယောင် မရှင်းမလင်း ဖော်ပြမှုတွေ ပါဝင်တဲ့ အတွက် သဘာ၀ မကျဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
ဒီအိတ်ဖွင့်ပေးစာ လက်မှတ် ရေးထိုးရာမှာ ပါဝင်တဲ့ အမတ်တဦး ဖြစ်သူ အမျိုးသား ဒီမိုကရေစီအင်အားစုရဲ့ လွှတ်တော်တွင်း ခေါင်းဆောင် ဒေါက်တာ သန်းဝင်းကို အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် တင်ပြထားတာ နားဆင်နိုင် ပါတယ်။