ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၂၅ဝ ဦး ထပ်ဖမ်းမိထားကြောင်း စစ်ကောင်စီထုတ်ပြန်
2025.02.19

ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၂၅၀ ဦးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ထပ်မံစစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ရွှေကုက္ကိုနဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ KK Park မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား စုစုပေါင်း ၁၅၅၃ ဦးအထိ စစ်ဆေးဖော်ထုတ်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ အမြန်ဆုံးလွှဲပြောင်းနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ငွေလိမ်လုပ်ငန်းတွေကနေ ထိန်းသိမ်းထားသူတွေကို မြဝတီမြို့အားကစားရုံ၊ မြဝတီ BGF စည်းကမ်းထိမ်းသိမ်းရေးနဲ့ ကွပ်ကဲရေးရုံး၊ ချစ်ကြည်ရေးတံတားအမှတ်၂ နေရာတွေမှာ ယာယီထားပြီး ဖေဖော်ဝါရီ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ထိုင်းအာဏာပိုင်တွေဘက်က လွှဲပြောင်းလက်ခံနိုင်မယ့် အရေအတွက်အတိုင်း ကရင်နယ်ခြားစာင့်တပ် (BGF) နဲ့ စစ်ကောင်စီတာဝန်ရှိသူတွေက လွှဲပေးသွားမှာဖြစ်ပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ တိုက်ဖျက်ရေးအပါအဝင် အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို အမြန်ဆုံးပြန်လည်လွှဲပြောင်းနိုင်ဖို့ မြန်မာ-ထိုင်း- တရုတ် သုံးနိုင်ငံက ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကို စစ်ကောင်စီဘက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် တင်ကိုကို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံက တာ့ခ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Narongchai Jindaphan ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်အစိုးရဘက်ကတော့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်း စစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ ပြန်ပို့တဲ့ တရုတ်နိုင်ငံသားတွေကို ဖေဖော်ဝါရီ ၂ဝ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့လေဆိပ်ကနေ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ၁၆ ကြိမ် တရုတ်ပြည်ကို ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
တိုင်းနဲ့ ပြည်နယ်အလိုက် အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းငွေကြေး လိမ်လည်မှု အပါအဝင် တခြားဒုစရိုက်လုပ်ငန်းတွေကို စစ်ဆေးဖော်ထုတ်တာ၊ အရေးယူတာတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ပြောထားပါတယ်။