ရွှေဘိုမြို့နယ်က ကျေးရွာသားတစ်ဦး စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံး

2021.07.22
ရွှေဘိုမြို့နယ်က ကျေးရွာသားတစ်ဦး စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာက ဦးသိန်းတင် ကို ပစ်ခတ်ခဲ့တဲ့ ကျည်ဆံခွံတွေကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာက အသက် ၅၀ ကျော်အရွယ် ဦးသိန်းတင်ဟာ ဇူလိုင်လ ၂၁ ရက် မနေ့ည ၇ နာရီလောက်က စစ်ကောင်စီတပ်သားတွေရဲ့ ကားနဲ့လိုက်တိုက်ပြီး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ည ၇ နာရီလောက်က ဦးသိန်းတင်ဟာ ရွာသားတစ်ဦးနဲ့အတူ လမ်းမှာရှိနေစဉ် မြင်းသည်ကျေးရွာဘက်ကို မောင်းနှင်လာတဲ့ စစ်ကား ငါးစီးက သူတို့ကို ရပ်တန့်ခိုင်းရာကနေ ကြောက်လန့်ထွက်ပြေးတာကြောင့် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ စစ်ကားက ရွာသားတွေကို ရပ်ခိုင်းတာ တစ်ယောက်က ဝမ်းလျားမှောက်နေလိုက်တယ်။ တစ်ယာက်က ကြောက်အားလန့်အားနဲ့ ထွက်ပြေးတာ။ ဘာအပြစ်မှမရှိဘူး။ အဲဒီထွက်ပြေးတဲ့သူကို ကားနဲ့တိုက်ပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ။ ကျန်ခဲ့တဲ့ တစ်ယောက်ကို မင်းတို့ရွာသားကို အလောင်းလာကောက်ခိုင်း ဆိုပြီးတော့ အဲလိုပြောလွှတ်လိုက်တာ။ အဓိကက ဘာပြဿနာမှ မဟုတ်ဘူး။ ရွာဆိုတော့ ၆ နာရီခွဲ ၇ လောက်က ရွာမှာ ဖြတ်သွားဖြတ်လာ ရှိနေတာပဲ ”

သေဆုံးသွားတဲ့ ဦးသိန်းတင်ဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ စစ်ကောင်စီကို ပြန်တော်လှန်နေတဲ့ သူမျိုး မဟုတ်ဘဲ သာမန် လက်လုပ်လက်စား အရပ်သားပြည်သူတစ်ဦးသာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကဖြစ်စဉ်ကြောင့် စစ်သားတွေရောက်လာမှာကို စိုးရိမ်ပြီးတော့ ကျေးရွာသားအချို့လည်း လတ်တလော မှာ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ကွန်ဆိပ်ကျေးရွာနဲ့ တစ်ဆက်တည်းဖြစ်တဲ့ ပလိုင်းကျေးရွာမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်တွေ့ရှိတယ်ဆိုတဲ့ကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေက ပစ်ခတ်မှုအချို့လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ အဲဒီကျေးရွာမှာလည်း သက်ကြီးရွယ်အိုတွေကလွဲလို့ ကျေးရွာသူ၊ ကျေးရွာသားတွေ ရှောင်တိမ်းနေရကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ အဲဒီရွာကို အဲဒီလိုလုပ်လိုက်တော့ နောက်ရွာတွေ မကြွလာအောင် အင်အားပြတဲ့အနေနဲ့ သူတို့ စစ်ကား တွေနဲ့ လှည့်နေတာ။ အခုသေတာကလည်း အဲဒီဖြစ်ရပ်တွေရဲ့ အကျိုးဆက်လို့ပြောလို့ရတယ် ”

ပလိုင်းနဲ့ ကွန်ဆိပ်ကျေးရွာတို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ ဆိပ်ခွန်ကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ညက ကင်းလှည့်နေတဲ့ ကျေးရွာသား လေးယောက် ပစ်သတ်ခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ကွန်ဆိပ်ကျေးရွာက ဦးသိန်းတင် ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေက ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။