တန့်ဆည်မှာ ပျူစောထီးအဖွဲ့ဝင်လို့ စွပ်စွဲခံရသူတစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ နယ် ကန်ကလေးကုန်းကျေးရွာမှာ စစ်ကောင်စီကို သတင်းပေးနေတဲ့ ပျူစောထီး အဖွဲ့ဝင်လို့ စွပ်စွဲခံထားရသူ အသက် ၂၄ နှစ်အရွယ် ကိုကျားကြီး ဆိုသူ ဒီနေ့သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုကျားကြီးဟာ ဇူလိုင်လ ၂၂ ရက် ဒီနေ့မနက် ၇ နာရီလောက်က ရွာနဲ့တစ်မိုင်ခွဲလောက်ဝေးတဲ့ အိုင်းလျားရှည် ကျေးရွာ သုဿာန်အနီးမှာ ခေါင်းဖြတ်ပြီး သတ်ဖြတ်ခံထားရတာကို ဒေသခံတွေက တွေ့ရှိခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံမျက်မြင်တစ်ဦးက RFA ကို ပြောပါတယ်။
“မနက် ၇ နာရီလောက်မှာ အလောင်းပုံ လိုင်းပေါ်တက်လာလို့ ကျနော်တို့သွားကြည့်တော့ ဟုတ်တယ်။ သတ်ခံရတယ်။ သူက ကန်ကလေးကုန်းရွာက ပျူစောထီးအဖွဲ့ဝင် ပေါ့နော်။ ဒလန်လို့ တော်တော်လည်း နာမည်ကြီးတယ်။ ခေါင်းက ပုဆိုးကွင်းနဲ့ ထုပ်ထားတာဆိုတော့ လူတွေက မကပ်ရဲကြဘူး ဖြစ်နေတာ။ ဗုံးတို့ဘာတို့ တစ်ခုခုဖြစ်မှာ ကြောက်လို့ မကပ်ရဲကြတာ”
ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာတော့ အဲဒီရုပ်အလောင်းရှိတဲ့နေရာကို စစ်ကောင်စီက စစ်ကား သုံးစီးနဲ့ ရောက်လာပြီးနောက် ရုပ်အလောင်းကို ကန်ကလေးကုန်းကျေးရွာကို ပြန်သယ်သွားတယ်လို့ သူက ပြော ပါတယ်။
အဲဒီလိုပြန်သယ်ပြီး မကြာခင်မှာပဲ ကန်ကလေးကုန်းကျေးရွာဘက်က သေနတ်သံ ဆယ်ချက်လောက် ကြားရတယ်လို့ ဆိုပါတယ်။
နေ့လယ်ပိုင်းလောက်မှာတော့ အဲဒီစစ်ကားတွေ ကန်ကလေးကုန်းရွာကနေ ပြန်သွားကြတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
အခုအသတ်ခံရမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
အခု ကိုကျားကြီး အသတ်ခံခဲ့ရတဲ့ ကန်ကလေးကုန်းကျေးရွာမှာပဲ ပျူစောထီးအဖွဲ့ဝင်လို့ သတ်မှတ်ခံရပြီး စစ်ကောင်စီကို သတင်းပေးနေတယ်လို့ စွပ်စွဲခံထားရသူ မမေဇင်လှိုင်း ဆိုသူဟာလည်း ဇွန်လ ၂၉ ရက်နေ့ညက ဓားနဲ့ခုတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။