ဖလမ်းမှာ မသန်စွမ်း သက်ကြီးရွယ်အိုတစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် ဒေါ်ထေ့ကပ်အား တွေ့ရစဉ်
စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် ဒေါ်ထေ့ကပ်အား တွေ့ရစဉ် (Photo: CJ)

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ဗားလုံရွာအနီးကနေ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု ဖြတ်သန်းသွားပြီးနောက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၆၀ အရွယ် ဒေါ်ထေ့ကပ် (Pi Tail Kap) ရဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၅ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

သူဟာ ဆွံ့အ စကားမပြောတတ်တဲ့ မသန်စွမ်းတစ်ယောက်ဖြစ်ပြီး ဗားလုံရွာနဲ့ တစ်မိုင် ကျော်လောက်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို ဇူလိုင်လ ၃ ရက်နေ့မှာ ပြန်တွေ့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြော ပါတယ်။

"ဇွန်လ ၃၀ ရက်နေ့ စစ်သားတွေ ကလေးမြို့ကနေ ဖလမ်းဘက်ကို တက်လာတယ်။ အဲတုန်းက ပစ်ခံရတာ။ သုံးရက်လောက်မှ အလောင်းကို ပြန်တွေ့တာ။ သူ့မျက်နှာမှာ သေနတ်နဲ့ ခုနစ်ချက် ပစ်ခံရတဲ့ဒဏ်ရာ တွေ့ရတယ်။ ဗားလုံနဲ့ တစ်မိုင်ကျော်ကျော် ဖလမ်းသွားတဲ့ ကားလမ်းမကြီးအနီးမှာ အပစ်ခံရတာ”

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့က ထွက်လာတဲ့ စစ်ကြောင်းဟာ ဗားလုံရွာမှာ တစ်ညအိပ်ခဲ့ပြီးနောက် ဖလမ်းမြို့ဘက်ကို ဆက်လက် ထွက်ခွာသွားတယ်လို့ သူက ဆိုပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ကလည်း ဗားလုံရွာနဲ့ ကပ်လျက်ဖြစ်တဲ့ လှာန်ဇောလ်ရွာက ခန္ဓာ ကိုယ်အောက်ပိုင်းမသန်စွမ်း တဲ့ ဒေသခံ အမျိုးသားတစ်ဦးကို အဲဒီစစ်ကြောင်းကပဲ လက်ပြန်ကြိုးတုပ် တရွတ်တိုက်ဆွဲခေါ်သွားတာ ခံခဲ့ရပြီး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့အထိ ရှာမတွေ့သေးဘူးလို့လည်း ဆိုပါတယ်။

အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ် ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာမျိုး မရှိဘူးလို့ အရင်က ပြောဆိုထားပါတယ်။

ချင်းပြည်နယ်မှာ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း စစ်ကောင်စီကြောင့် အရပ်သားသေ ဆုံးတာ စုစုပေါင်း အယောက် ၃၀၀ ကျော်ရှိတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က RFA ကို ပြော ဆိုထားပါတယ်။