ကျောက်တော်မှာ ဈေးသည်လင်မယား ဓားထိုးခံရပြီး သေဆုံး


2019.09.02
kyauktaw-622.jpg ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာမှာ ကုန်စုံဆိုင်ရောင်းနေတဲ့ အသက် ၅၀ ကျော်အရွယ် လင်မယားကို မနေ့က ညနေခင်းမှာ လူတစ်စုက ဓားနဲ့ထိုးသတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝါးတောင်ကျေးရွာဟာ ကျောက်တော်မြို့နယ် တောင်ဘက်မှာ တည်ရှိပြီးတော့ မြို့ထဲကနေ ၁၈ မိုင်ခန့် ဝေးပါတယ်။ အသတ်ခံရသူ ဦးရဲလွင်နဲ့ ဒေါ်မတင်ထွေးတို့ဟာ ဝါးတောင်နဲ့ ကန်စောက်ကို ဆက်သွယ်ထားတဲ့ တံတားအနီးမှာ ကုန်စုံဆိုင်ရောင်းသူတွေ ဖြစ်ကြပါတယ်။

ညနေ ၅ နာရီဝန်းကျင်မှာ လူတစ်စု ဆိုင်ကို ရောက်လာပြီး ဒီအမှုဖြစ်ပွားခဲ့တာလို့ ပြောကြပါတယ်။ အမှုဖြစ်ပွားတဲ့နေရာနဲ့ ကိုက် ၆၀၀ အကွာ ဝန်းကျင်မှာ လုံခြုံရေးတာဝန် ယူထားတဲ့ ကန်စောက် ရဲကင်းလည်း ရှိပါတယ်။

ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးသန်းစိန်နဲ့ ဦးမောင်လှကျော် တို့ကလည်း ဝါးတောင် ကားဂိတ်အနီး တံတားထိပ်မှာ ဈေးဆိုင်ဖွင့်ထားတဲ့ လင်မယား နှစ်ဦး အသတ်ခံရတာကို သိရှိရပေမယ့် အသေးစိတ် အချက်အလက်ကို မသိရသေးကြောင်းပြောပါတယ်။

အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အတည်ပြုမေးမြန်းဖို့ ကျောက်တော်ရဲစခန်းကို  RFA ဆက်သွယ်တဲ့အခါ စခန်းမှူး စိုးလွင်က အမှုဖြစ်တဲ့နေရာဟာ သူ့အပိုင်နယ်မြေမဟုတ်ဘူးလို့ ပြောပါတယ်။ မှုခင်းဖြစ်ပွားတဲ့နေရာနဲ့ အိမ်နီးချင်းကျေးရွာဖြစ်တဲ့ ကန်စောက်က ရဲစခန်းမှူးကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။

ကျောက်တော်ဒေသခံတွေဖြစ်တဲ့ ကိုဇော်ဝင်းနှင့် ကိုကျော်လှမြင့် တို့က အမှုဖြစ်စဉ် မှန်ကန်ကြောင်း၊ ရုပ်အလောင်းတွေကို နာရေးကူညီမှုအသင်းက သွားရောက်ယူဆောင်ကြကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်အကျဉ်းနဲ့ အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အခုဖြစ်စဉ်ဟာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်၊ ဒါမှမဟုတ် လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်မှု ရှိ၊ မရှိ  ဆိုတာတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ယခုလပိုင်းအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဓားထိုးလုပ်ကြံသတ်ဖြတ်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာပါ။

တနင်္ဂနွေနေ့တုန်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ် ရဲကင်းစခန်းမှူး ဒုရဲအုပ် ဇော်မင်းဌေးကို လူတစ်စုက အနီးကပ်ပြီး ဓားနဲ့ထိုးတာကြောင့် သေဆုံးသွားခဲ့ပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့မှာလည်းပဲ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင် မြို့ပေါ်ဆိပ်ကမ်းရုံးအနီးဖြတ်သွားတဲ့အချိန်မှာ ဓားထိုးခံရတဲ့အတွက် ဆေးကုသမှုခံယူ နေရဆဲ ဖြစ်ပါတယ်။

ဝါးတောင်ကျေးရွာဟာ ယခုနှစ်အစောပိုင်းမှာ ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာ့တပ်မတော်တို့ရဲ့ တိုက်ပွဲဒဏ်ခံရပြီးတော့ စစ်ဘေးရှောင်ခဲ့ရတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။

နောက်ပိုင်းမှာ အဲဒီရွာအနီးတစ်ဝိုက် တိုက်ပွဲ ပြန်လည်ငြိမ်သက်လာလို့ နေရပ်ပြန်လာကြသူရှိပေမယ့် တချို့ကတော့ မြို့ပေါ် သို့မဟုတ် နီးစပ်ရာ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

ဒီနှစ်အစောပိုင်းကတည်းက ရခိုင်ပြည်နယ်မှာ တိုက်ပွဲကြီးငယ်ပေါင်း အနည်းဆုံး ၅၀၀ ဝန်းကျင် ဖြစ်ပွားခဲ့တယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။ ယခု ၉ လပိုင်းအထိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ဘေးရှောင် ဦးရေ ၆၀,၀၀၀ ဝန်းကျင် ရှိလာပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။