မြန်မာနိုင်ငံကို ပြည်ပကပြန်လည်ဝင်ရောက်လာတဲ့သူ ၃၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးကူးစက်ခံထားရတာ တွေ့ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့ ယူအေအီးနိုင်ငံက ၁၅ ဦး၊ မလေးရှားနိုင်ငံက ၇ ဦး၊ အိန္ဒိယက ၆ ဦး၊ ကိုးရီးယားနိုင်ငံက ၄ ဦး၊ စင်ကာပူက ၃ ဦး ထိုင်းနဲ့ ရှရှားနိုင်ငံက ၁ ဦးစီ စုစုပေါင်း ၃၇ ဦးဖြစ်ပါတယ်။
အဲဒီပိုးတွေ့တဲ့သူတွေထဲမှာ နိုင်ငံခြားသား ၁ ဦးပါပြီး ကျန်တဲ့သူတွေကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ဆိုပါတယ်။
သူတို့ကို သက်ဆိုင်ရာဆေးရုံတွေမှာ သီးသန့်ထားကုသပေးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ လေကြောင်းအတူ စီးလာတဲ့သူတွေကိုလည်း ကွာရန်တင်းထား ရှိထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကို ယူအေအီးကပြန်လာသူ လေးယောက်မှာ ပထမဆုံး စတင်တွေ့ရှိတာဖြစ်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိတဲ့သူစုစုပေါင်း ၁၈၃ ယောက် ရှိသွားပါပြီ။
စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် ဇန်နဝါရီလ ၂၃ ရက် မနေ့ကထိ သေဆုံးသူ ၁၉၃၁၀ ဦး၊ ရောဂါကူးစက်ခံရသူ ၅၃၄၀၇၁ ဦးရှိပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါပိုးကြောင့် ကူးစက်သေဆုံးမှု အခြေအနေတွေ စာရင်းကောက်ဖို့ ခက်ခဲသွားတာကြောင့် စစ်ကောင်စီထုတ်ပြန်တဲ့ နှုန်းထက် မြေပြင်မှာ သေဆုံး၊ ကူးစက်မှုနှုန်းတွေက ပိုများနိုင်တယ်လို့ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူတွေက ပြောဆိုနေကြပါတယ်။