ဧရာဝတီတိုင်းမှာ ရေနံချက်ဖိုတွေ ပိတ်သိမ်းပေးဖို့ တိုင်းလွှတ်တော် မှာ အဆိုတင်

ဧရာဝတီတိုင်းဒေသကြီး ကြံခင်း ၊ မြန်အောင်နဲ့ အင်္ဂပူမြို့နယ်မှာရှိနေ တဲ့ ရေနံ ချက်ဖိုတွေကို အပြီးပိုင်ပိတ်သိမ်းပေးဖို့ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က ဒီနေ့ ဧရာဝတီ တိုင်းလွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။

ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်

ဧရာဝတီတိုင်းဒေသကြီး ကြံခင်း၊ မြန်အောင်နဲ့ အင်္ဂပူမြို့နယ်မှာရှိနေတဲ့ ရေနံချက်ဖိုတွေကို အပြီးပိုင်ပိတ်သိမ်းပေးဖို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က ဒီနေ့ ဧရာဝတီတိုင်းလွှတ်တော်မှာ အဆိုတင်သွင်း လိုက်ပါတယ်။

အဲ့ဒီမြို့နယ် ၃ ခုနားက သစ်တောကြိုးဝိုင်းတွေနားမှာ ရေနံချက်ဖိုတွေရှိနေပြီး ထင်းနဲ့ မီးသွေးလောင်စာတွေ အသုံးပြုနေတာကြောင့် သစ်တောကြိုးဝိုင်း ဧရိယာထဲက သစ်တွေတော်တော်များများ ကုန်နေပြီလို့လည်း  ကြံခင်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ပြောပါတယ်။

လက်ရှိ ရေနံချက်ဖိုတွေဟာ ကြံခင်းမြို့နယ်မှာ ၆ ခု၊ မြန်အောင်မှာ  ၆ ခုလောက်ရှိပြီး အင်္ဂပူမြို့နယ်မှာတော့ ၁ ခုလောက်ရှိနေတယ်လို့လည်း ပြောပါတယ်။

ရေနံချက်ဖိုတွေမှာ အသုံးပြုတဲ့စက်တွေကလည်း ခေတ်မီစက်တွေမဟုတ်တာကြောင့် ထွက်ရှိလာတဲ့ ဘေးထွက် ပစ္စည်းတွေဟာ ဒေသခံတွေအပါအဝင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးကို ထိခိုက်နိုင်ကြောင်းနဲ့ အဲ့ဒီရေနံ ချက်ဖို လုပ်ငန်းတွေကို စိစစ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းတွေမှာလည်း လာဘ်စားမှုတွေရှိနေတယ်လို့  ပြောပါတယ်။

အဲ့ဒီရေနံချက်ဖိုလုပ်ငန်းတွေဟာ သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေတဲ့အတွက် အပြီးတိုင်ပိတ်သိမ်းဖို့ အဆို ကို  မနက်ဖြန် လွှတ်တော်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org