ရွေးချယ်ခံ မြို့တော်စည်ပင် အရာရှိလောင်းတွေ ကျမ်းသစ္စာကျိန်ဆို
2015.01.06

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ် တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် ၁၁၅ ဦးက ကော် မတီဝင်တွေအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြ ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် က ကော်မတီဝင်တွေအဖြစ် ရွေးချယ်ခံရသူတွေအနေနဲ့ ရန်ကုန်မြို့သူ မြို့သားတွေရဲ့ လိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ အခုလိုတိုက် တွန်း ပြောကြားခဲ့ပါတယ်။
"ယခုလိုပြည်သူလူထုက ရွေးချယ်တင်မြှောက် သည့် ကိုယ်စားလှယ်များဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အချိန်ပြည့်တာဝန်ထမ်းဆောင်ရမှာဖြစ်သလို ကော်မတီဝင်များရဲ့ ခံစားချက်များ လစာနဲ့အဆင့်များ အခြားသင့်တော်သည့် အဆောင်အယောင်များကိုလည်း ပေး အပ်နိုင်ရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း တင်ပြလိုပါတယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီရဲ့ လုပ်ငန်းတာဝန်များ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားများ၏ လိုအပ်ချက်များကို ကိုယ်စွမ်းရှိ သလောက်၊ ဉာဏ်စွမ်းရှိသလောက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်"
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက် နေ့က မြို့နယ် ၃၃ မြို့နယ်မှာ ကျင်းပခဲ့ရာ ကိုယ်စားလှယ်လောင်း ၂၉၃ ဦးက ကော်မတီဝင်နေရာ ၁၁၅ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ခံရသူတွေက မြို့တော်အဆင့်၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် စည်ပင်သာယာရေးရုံးတွေမှာ မနက်ဖြန်ကစပြီး ဒီနှစ်ကုန်အထိ သက်တမ်းတစ်နှစ်ကြာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲကို ရွေးချယ်ခံရသူတွေ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။