သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အမေရိကန်သမ္မတ ဖုန်းဆက်ပြောဆို
2014.10.30

အမေရိကန်သမ္မတ အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန်-အာဆီယံထိပ်သီး ညီလာခံ တက်ရောက်ရန်အတွက် မြန်မာပြည်ကို သူလာရောက် မည့်အကြောင်းပြောကြားရင်း မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အိုဘားမားက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးအပါအဝင် ရခိုင်ပြည်နယ်က အခြေအနေတွေကို ပိုမို တိုးတက်အောင် ဆောင်ရွက်ဖို့လိုကြောင်းပြောကြား ခဲ့သလို သမ္မတဦးသိန်းစိန်အနေနဲ့ ကာလတိုတို အတွင်း ပြည်လုံးအနှံ့ အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် သံဓိဌာန်ချ ကြိုးပမ်းဆောင်ရွက်နေတာကိုလည်း ဝမ်းသာကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင်လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲကို သက်ဆိုင်သူအားလုံးပါဝင်ပြီး ယုံကြည်စိတ်ချမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အိုဘားမားက အလေးအနက်ထားပြောကြားခဲ့ပါတယ်။ တဆက်တည်းမှာပဲ မြန်မာပြည်ကို ပိုမိုပွင့်လင်းလွတ်လပ်ပြီး ကြွယ်ဝတဲ့နိုင်ငံတစ်ခုဖြစ်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အခိုင်အမာကူညီမှာဖြစ်ကြောင်းလည်း သမ္မတက ထပ်လောင်းကတိပြုခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ပြောကြားရာမှာတော့ မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအပြင် ၂ဝ၁၅ ရွေးကောက်ပွဲကို သက်ဆိုင်ရာလူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲဖြစ်ရေးနဲ့ မြန်မာပြည်မှာ သည်းခံမှုတရားပြန့်ပွားပြီး သက်ဆိုင်သူအားလုံး ပိုမိုတက်ကြွစွာပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ရပ် ထွန်းကားရေးအတွက် အမေရိကန်ပြည်ထောင်စုက ပံပိုးနိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာပြည် ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနှစ်ကြိုးပမ်းမှုတွေကို ဂုဏ်ပြုပြောကြားခဲ့သလို မြန်မာပြည် သာယာဝပြောရေးအတွက်ကူညီဖို့ အမေရိကန်ပြည်ထောင်စုက သံဓိဌာန်ချထားကြောင်းလည်း သမ္မတအိုဘားမားက ကတိစကားထပ်မံပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်ရဲ့ အောက်တိုဘာ ၃ဝ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။