ခင်ဦးမြို့ ညောင်ပင်ကြီးစုရွာ တစ်ရွာလုံးနီးပါး မီးရှို့ခံရ
2023.02.01

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာမှာ အာဏာသိမ်းနှစ်နှစ်ပြည့်တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာ ကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၂၇၀ ရှိတဲ့ ညောင်ပင်ကြီးစုရွာမှာ အိမ်ခြေ ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ညောင်ပင်ကြီးစုရွာကို ၁ ရက်နေ့မနက်မှာပဲ မီးရှို့တာ။ အိမ်ခြေ ၂၀၀ နီးပါး ပါသွားတယ်။ ရုံးစုကိုဝင်ခဲ့တဲ့ စစ်ကြောင်းပဲ။ ညောင်ပင်ကြီးစုက အရင်က အိမ်ခြေ ၂၇၀ ရှိပါတယ်"
ရွာကို ဝင်ရောက်မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တပ်မ (၃၃) လက်အောက်ခံတပ် ဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ခင်ဦးမြို့၊ ရုံးစုရွာတောင်ဘက်နဲ့ မြောက်ဘက်ကို အဲဒီစစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ရုံးစုရွာမှာ အိမ်ခြေ ၄၀၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ဗျိုင်းကြိုင်ရွာကို စစ်ကောင်စီတပ် က ဝင်ရောက်မီးရှို့ခဲ့ပြီး မီးလောင်ပျက်စီးခဲ့တဲ့ အိမ်ခြေအရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ လုံခြုံရေး အခြေအနေတွေကို ထုတ်ပြန်လေ့မရှိဘူးလို့ RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။
အခုမီးရှို့ခံခဲ့ရတဲ့ ညောင်ပင်ကြီးစုရွာ၊ ရုံးစုရွာနဲ့ ဗျိုင်းကြိုင်ရွာ အပါအဝင် ရွာပေါင်း ၁၂ ရွာက ဒေသခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် အတွင်း တစ်နိုင်ငံလုံးမှာ နေအိမ်အဆောက်အအုံပေါင်း ငါးသောင်းနီးပါး (၄၈,၄၆၃) မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က နေအိမ် ၂၄၆၄ လုံး ပါဝင်နေပါတယ်။