ညောင်ဦး ငါ့သရောက်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၁၁ ဦး သေဆုံးတယ်လို့ PDF တွေပြော

2022.10.30
ညောင်ဦး ငါ့သရောက်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၁၁ ဦး သေဆုံးတယ်လို့ PDF တွေပြော မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ရဲစခန်းကို တိုက်ခိုက်ရာမှာ သိမ်းယူရရှိခဲ့သည့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်။
ဓာတ်ပုံ - T T A-ပြောက်ကျားတပ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက် မနေ့ ညနေ ၄ နာရီခွဲကျော်ခန့်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့စုံ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စခန်းမှူး အပါအဝင် ရဲ ၁၁ ဦး သေဆုံးသွားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တပ်ခွဲ (၂) တပ်ခွဲမှူး သေဆုံးသွားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၃) ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

"စခန်းမှူး၊ ဒုရဲအုပ်၊ ရဲတပ်ကြပ် ၁၁ ဦး သေတယ်။ တချို့ ရဲတွေလည်း ထွက်ပြေး ကြတယ်။ ၄ နာရီခွဲလောက်မှာ စတိုက်တယ်။ နာရီဝက် ၄၅ မိနစ်လောက် ကြာတယ်။ စခန်းကိုလည်း သိမ်းနိုင်ခဲ့တယ်။ စခန်းကို ရခါစမှာ ကျနော်တို့ဘက်က တပ်ခွဲ (၂) ရဲ့ တပ်ခွဲမှူး ကျတယ်။ သူ့အလောင်းပြန်ယူဖို့နဲ့ ညောင်ဦးကလည်း စစ်ကူတွေ လာနေတော့ စခန်းကို လုံးဝတော့ မဖျက်ဆီးနိုင်ခဲ့ဘူး"

ငါးသရောက်နယ်ထဲက NLD ပါတီဝင် သုံးဦး ရက်ရက်စက်စက် အသတ်ခံရတာနဲ့ မြင်းခြံခရိုင် တပ်ရင်း (၃) ရဲ့ ယာယီစခန်း ဝင်ရောက်စီးနင်းခံရတဲ့အပေါ် လက်တုံ့ပြန်တာလို့ အဲဒီပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

PDF တွေဘက်က သေဆုံးသွားသူဟာ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၃) တပ်ခွဲ (၂) ရဲ့ တပ်ခွဲမှူး TTA - ပြောက်ကျားတပ် ဒုခေါင်းဆောင်၊ စိုက်ပျိုးရေး ပထမနှစ်ကျောင်းသား အသက် ၂၁ နှစ်အရွယ် မောင်ဝေဖြိုး ခေါ် ဝင်းကိုရှိန် ဖြစ်တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ မြင်းခြံခရိုင်တပ်ရင်း အမှတ် (၃)၊ တပ်ခွဲ (၂)၊ TTA ပြောက်ကျားတပ်၊ မြေလတ် PDF၊ မြင်းခြံ ခရိုင်တပ်ရင်း အမှတ် (၃)၊ တပ်ခွဲ (၁)၊ တပ်ခွဲ (၃)၊ မြင်းခြံတပ်ရင်း (၁) (27RF)၊ BAGAN OGRE Force၊ မြင်းခြံ Black Tiger၊ Natogyi Regional Defense Force တို့ ပါဝင်တယ်လို့ တော်လှန်ရေး အင်အားစုတွေဘက်က ပြောပါတယ်။

အဲဒီတိုက်ပွဲကနေ G - 3၊ AK သေနတ် အရှည် ခြောက်လက်နဲ့ ခြောက်လုံးပြူးတစ်လက် ရခဲ့တယ်လို့လည်း မြင်းခြံခရိုင် တပ်ရင်း (၃) ဘက်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်တယ်လို့ RFA ကို ပြန်လည်ဖြေဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။