တစ်ရက်အတွင်း ညောင်ဦးဒေသခံ ၁၃ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

RFA Burmese
2025.02.02
တစ်ရက်အတွင်း ညောင်ဦးဒေသခံ ၁၃ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အရှေ့ပိုင်းက ရန်ကင်းချောင်ရွာ (ခ) ချောက်ဘုရားလှရွာကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဥ်။
Citizen Photo

Updated 4:43 PM, Feb 2,2024

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အရှေ့ပိုင်းက ချောက်ဘုရားလှရွာကို ဇန်နဝါရီ ၂၉ နေ့ညပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံလူငယ် ၁၃ ဦးကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးသွားတယ်လို့ ညောင်ဦးဒေသခံတွေက RFA ကို ဖေဖော်ဝါရီ ၂ ရက် ဒီနေ့မှာ ပြောပါတယ်။

ချောက်ဘုရားလှရွာဟာ အိမ်ခြေ လေးဆယ်ကျော်နဲ့ ဒေသခံ တစ်ရာကျော် နေထိုင်ပြီး ဒေသခံအများစုဟာ ရာသီပေါ် သီးနှံစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ဒေသခံလူငယ်တစ်ဦးကို ငွေကျပ် သိန်းငါးရာနဲ့ ပြန်ရွေးခိုင်းနေကာ ဒေသခံတွေအနေနဲ့ ငွေကြေးပေးပြီး မရွေးနိုင်တာကြောင့် ကျောက်ပန်းတောင်းမြို့မှာရှိတဲ့ စစ်သင်တန်းကျောင်းကို အကုန်ပို့ဆောင်လိုက်တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ညောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်တပ်က ဖမ်းဆီးတာ ခံလိုက်ရတဲ့အထဲ ကျွန်တော့်အမျိုးတွေထဲက တူလေးတစ်ယောက်နဲ့ တူက မွေးထားတဲ့ ကလေးတစ်ယောက်လည်း ပါသွားတယ်။ အားလုံးလူငယ်တွေချည်းပဲ၊ ၁၈ နှစ် ၁၉ နှစ်တွေ များတယ်။၂၀ ကျော် ၃၀ လောက်က တစ်ယောက်ပဲပါမယ်။ ထွက်ပြေးဖို့ကို အချိန်မရဘူး။ စစ်တပ်က ကားခုနစ်စီးနဲ့ ရွာလေးဘက်လေးနံ ပိတ်ပြီးမှ ရွာထဲကို ဝင်လာတာ။ အင်အားကလည်း ငါးဆယ်လောက် ရှိမယ်။ စစ်ကောင်စီအဖွဲ့ထဲမှာ ညောင်ဦးက အုပ်ကြီး ဖိုးကျော်တို့အဖွဲ့ပါတယ်။ သူတို့ကပဲ ရွာကို တစ်ယောက်ကို သိန်းငါးရာနဲ့ လာရွေးခိုင်းတာ။ ရွာက လာမရွေးလို့ဆိုပြီး ဇန်နဝါရီ ၃၀ နေ့ ညနေမှာ ကျောက်ပန်းတောင်းက စစ်သင်တန်းကို ပို့လိုက်ကြတာ။ အားလုံး ၁၃ ယောက်”

စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ အထဲက ကိုရန်နိုင်ဦး၊ ကိုအောင်စန်းထွန်း၊ ကိုသာရှန်၊ ကိုအောင်သူ၊ တရုတ်ကြီးနဲ့ ကိုချစ်ဆန်းမောင်တို့ရဲ့ နာမည်တွေကိုသာ လတ်တလော အတည်ပြုနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ မန္တလေးတိုင်း စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေတာ မရှိပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (BACS) ရဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်မှုထမ်းအပတ်စဥ် (၁) ကနေ အပတ်စဥ် (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ရှိခဲ့ပါတယ်။

စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုရှိနေကြောင်း စစ်ကောင်စီက ဝန်ခံထားပြီး အဲဒီလို မမှန်မကန် ဆောင်ရွက်တဲ့သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။