နွေဦးထီရောင်းရငွေနဲ့ CDM ဝန်ထမ်းတွေကို ထောက်ပံ့မယ့်အကြောင်း NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောင်လံလွှင့်ချီ နွေဦးထီကနေ ရရှိလာတဲ့ငွေတွေကို CDM ဝန်ထမ်း လေးသိန်းတစ်သောင်းကို ထောက်ပံ့သွားမယ်လို့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က ဩဂုတ်လ ၂၄ ရက် ဒီနေ့ညနေပိုင်းမှာပြုလုပ်တဲ့ NUG သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
NUG ရဲ့ ထီကနေ ရလာမယ့်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေကို ထောက်ပံ့ပို့ ရည်ရွယ်ထားတာ ဖြစ်ပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ခွဲဝေပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ဒီထီရောင်းချရတာဟာ "ပြည်သူရဲ့ သဘောတူညီမှုမရှိတဲ့ အုပ်ချုပ်သူဆိုတာ မရှိနိုင်ဘူးဆိုတာရယ်၊ ပြည်သူလက်ခံတဲ့ အစိုးရသာလျှင် အစိုးရယန္တရားကို လည်ပတ်နိုင်တယ်ဆိုတာကို ဖော်ပြချင်တဲ့ ရည်ရွယ်ချက် နဲ့ ပြုလုပ်ရတာဖြစ်ပါတယ်" လို့ NUG ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောပါတယ်။
အောင်လံလွှင်ချီ နွေဦးထီကို ဩဂုတ်လ ၁၅ ရက်နေ့မှာ တစ်စောင်ကို နှစ်ထောင်ကျပ်နှုန်းနဲ့ ဆယ်စောင်တွဲထီ အဖြစ် အွန်လိုင်းကနေတဆင့် စတင်ရောင်းချခဲ့တာပါ။
ဒီထီလက်မှတ်တွေကို စမ်းသပ်စီမံကိန်းအနေနဲ့ ရောင်းချတာဖြစ်သလို ဩဂုတ်လ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အချိန်ငါးရက်တာအတွင်းမှာ လက်မှတ်ပေါင်း နှစ်သိန်းခွဲအထိ ရောင်းချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောဆိုထားပါတယ်။
NUG အနေနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာပြီး ထီကိုရောင်းချခဲ့တာလို့ ဆိုထားပေမယ့် စစ်ကောင်စီကတော့ ထီထိုးတဲ့သူတွေကို အရေးယူဖို့ ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေဖြစ်တဲ့ K Pay, Wave Money အစရှိတဲ့ အရာတွေကို ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ဆောင်နေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောင်လံလွှင်ချီ နွေဦးထီထိုးတာ တွေ့ရှိတဲ့သူကို တရားမဝင်ငွေကြေး ခဝါချမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဝင်းသော်ကလည်း ပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီရဲ့ လက်အောက်ခံ အောင်ဘာလေထီဟာ တရားမဝင်ထီဖြစ်တယ်လို့ ဩဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။