မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်စဉ်းစား သုံးသပ်ပြင်ဆင်ဖို့လိုအပ်ကြောင်း လက်ရှိအာဆီယံဥက္ကဌနဲ့ နောက် ဥက္ကဌ ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံ ခေါင်းဆောင်ဆီကို ပေးပို့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အာဆီယံအရပ်ဘက်အဖွဲ့အစည်းများ ညီလာခံ အာဆီယံ လူထု တွေ့ဆုံပွဲမှာလည်း အချက် ငါးချက်ကို အာဆီယံနိုင်ငံတွေက လူထုတွေသိအောင် ထည့်သွင်းပြောကြားခဲ့တယ်လို့ ပြောပါတယ်။
အာဆီယံနိုင်ငံတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံကိုယ်စားပြု အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုပေးဖို့၊ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ကျော်လွန်ပြီး သံတမန်ဆက်ဆံရေး အသစ်တစ်ခုကို စတင်ဆွေးနွေးပွဲလုပ်ပေးဖို့၊ တရုတ်-အမေရိကန်-အင်ဒိုနီးရှား-ထိုင်း-အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတွေအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လျင်လျင်မြန်မြန် ဆောင်ရွက်ပေးဖို့၊ အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကို မြှင့်တင်ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
အာဆီယံအရပ်ဘက်အဖွဲ့အစည်းများ ညီလာခံ အာဆီယံလူထုတွေ့ဆုံပွဲကို အင်ဒိုနီးရှားနိုင်ငံ ASEAN Intergovernmental Commission on Human Rights (AICHR) ကိုယ်စားလှယ်နဲ့ မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြံပေးကောင်စီဟောင်းတို့တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့အတွက် ပြည်သူ့ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဖို့ လိုအပ်ကြောင်း အာဆီယံခေါင်းဆောင်တွေထံကို အောက်တိုဘာ ၂၈ ရက်နေ့က စာပေးပို့တောင်းဆိုထားပါတယ်။