ခါမ်းပါတ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၁၇ ဦးသေဆုံးကြောင်း NUG ထုတ်ပြန်
2024.01.09

စစ်ကိုင်းတိုင်း တမူးမြို့နယ် ခါမ်းပါတ်မြို့ ကနန်ရွာမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ကိုးဦးအပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး ဒီကိစ္စမှာ ကျူးလွန်သူ၊ အမိန့်ပေးသူအပါအဝင် တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အရပ်သားတွေကို စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို ပြည်တွင်းပြည်ပမှာ အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကပြောပါတယ်။
"သူတို့ချသွားတဲ့ဗုံးဟာ အရပ်သားအိမ်ပေါ်ကိုကျတယ်၊ စာသင်ကျောင်းကိုထိတယ်၊ ဘုရာကျောင်းကို ထိခိုက်တယ်၊ အစုလိုက်အပြုံလိုက်သေတယ်၊ သေတဲ့လူ ၁၇ ယောက်အနည်းဆုံးရှိတယ်၊ လူမဆန်တဲ့လုပ်ရပ်ကို ကျူးလွန်တာပေါ့နော်၊ ဒီတစ်ခုထဲမဟုတ်ပါဘူး၊ စစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တဲ့အပြင် ပြည်တွင်းဥပဒေတွေကိုလည်း ကျူးလွန်နေတယ်၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အရေးယူဆောင်ရွက်နိုင်အောင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေသလို အခုချိန်မှာ ပြည်တွင်းမှာလည်း အရေးယူနိုင်ဖို့ ပိုပြီးနီးလာနေပါပြီ"
ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းက ကနန်ရွာမှာ ဘုရားဝတ်ပြုနေတဲ့ အရပ်သားတွေကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ငါးချက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ စတာတွေကို လေးစားလိုက်နာမှုမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
ဒါ့အပြင် ကျူးလွန်မှုတွေအတွက် စစ်ကောင်စီ တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာ၊ ဒေသဆိုင်ရာနဲ့ တစ်နိုင်ငံချင်း တရားစွဲဆိုအရေးယူနိုင်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်မှုကြောင့် ကလေး ၆၀၀ ကျော် (၆၂၇ ဦး)၊ အမျိုးသမီး တစ်ထောင်ကျော် (၁၀၁၇ ဦး) သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ လေကြောင်းကနေ အကြိမ် ခြောက်ရာနီးပါး တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၀၀ နီးပါး၊ ဘာသာရေးအဆောက်အအုံ ၇၆ ခုနဲ့ စာသင်ကျောင်း ၅၂ ခု ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
NUG ကြေညာချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ခါမ်းပါတ်မြို့ကို သိမ်းယူခဲ့တာပါ။ စစ်ကောင်စီတပ်က ခါမ်းပါတ်မြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂၃၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။