စစ်လေယာဉ်တွေ ဖျက်ဆီးပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ NUG ဆုကြေးထုတ် ဖိတ်ခေါ်

2022.04.07
စစ်လေယာဉ်တွေ ဖျက်ဆီးပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ NUG ဆုကြေးထုတ် ဖိတ်ခေါ် ၂ဝ၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော နှစ် ၇ဝ ပြည့်တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြနေကြသည့် မြင်ကွင်းတစ်ခု။
Photo: AFP

စစ်ကောင်စီတပ်သားတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ကို မလိုက်နာဘဲ ပြည်သူနဲ့ ပူးပေါင်းလာမယ်ဆိုရင် ဆုကြေးငွေတွေပေးမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဖိတ်ခေါ်လိုက်ပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဧပြီလ ၇ ရက် ဒီကနေ့ညပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ…

ဘယ်သူမဆို လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့အတူ ပြည်သူနဲ့ပူးပေါင်းလာမယ်ဆိုရင် အမေရိကန် ဒေါ်လာ ငါးသိန်း၊ မြန်မာငွေနဲ့ဆိုရင် သိန်းတစ်သောင်း ချီးမြှင့်မယ်လို့ ဆိုထားပါတယ်။

တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်တွေကို အကြီးစားထိခိုက်အောင် ဖျက်ဆီးပြီး ပူးပေါင်းလာမယ်ဆိုရင် မြန်မာငွေ သိန်းခြောက်ထောင် ချီးမြှင့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဆီသိုလှောင်ကန်တွေ၊ လက်နက်စက်ရုံတွေကို ဖျက်ဆီးနိုင်ရင် ဒါမှမဟုတ် CDM ဝင်လာချိန်မှာ တင့်ကား၊ သံချပ်ကာကားတွေ ယူလာနိုင်ရင် မြန်မာငွေ သိန်း နှစ်ထောင် ချီးမြှင့်မယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်ပစ္စည်းတွေနဲ့ ပြည်သူတွေကို ပြန်တိုက်နေတာကြောင့် အခုလိုဆုငွေတွေ ထုတ်ပြီး ဖျက်ဆီးခိုင်းတာလို့ NUG ယာယီသမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုဖျက်ဆီးတဲ့အတွက် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ တရားစွဲခံရမှာ မဟုတ်သလို၊ စစ်ကောင်စီတပ်သားတွေအနေနဲ့ ဒီဆုကြေးငွေရဖို့အတွက် အုပ်စုလိုက်လည်း လုပ်ဆောင်လို့ရတယ်လို့ ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို RFA က လတ်တလော မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

KZH
2022-04-07 14:05

NUG အကြံကုန် ဂဠုန်ဆားချက်၊ အစွမ်းကုန်ယုတ်မာပီ