ဒီမိုကရေစီလမ်းပေါ်ရောက်ဖို့ အမေရိကန်ဆက်ကူမယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြော
2023.02.14

အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးရုံးခန်း တရားဝင်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပြင် အမေရိကန်အစိုးရဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စ Uzra Zeya အပါအဝင် တခြားတာဝန်ရှိသူတွေလည်း တက်ရောက်ပါတယ်။
အခုလို အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးခန်း အသစ်ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်ပြီး NUG ရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက အခုလိုပြောသွားပါတယ်။
“ကျွန်တော်တို့ ဒီရုံးကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုယ်စားပြုပြီး ဖွင့်တဲ့ရုံးပါ။ ဝါရှင်တန်ဒီစီဆိုတာက အမေရိကန်ရဲ့ မြို့တော်လည်း ဖြစ်တယ်။ အစိုးရကလည်း ရုံးစိုက်တယ်။ အဲဒီတော့ ကျွန်တော်တို့ အမေရိကန်နဲ့ သံတမန် ဆက်ဆံရေး ပိုပြီး ခိုင်မာအောင် တည်ဆောက်ချင်တာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကွန်ဂရက်ပေါ့။ အထက်လွှတ်တော်၊ အောက်လွှတ်တော်လည်း ရှိတာကိုး။ ဒီလွှတ်တော်နဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်။ လက်ရှိလည်း ဆောင်ရွက်နေတာ ရှိတယ်။ နောက် ဝါရှင်တန်ဒီစီ ဆိုတာ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ရုံးစိုက်တဲ့ နေရာလည်းဖြစ်တယ်။ သူတို့နဲ့လည်း ကျွန်တော်တို့ ထိတွေ့ဆက်ဆံမှုတွေ လုပ်သွားဖို့ ရှိတယ်။ အဲဒီလိုပဲ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ မြန်မာနွယ်ဖွား၊ မြန်မာတိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအောင်မြင်ဖို့ အားပေးထောက်ပံ့ကူညီမှုတွေ၊ ငွေရေးကြေးရေးအရ လှူဒါန်းမှုတွေကအစ၊ ဒီအသိုင်းအဝိုင်းလည်း ထိတွေ့ဆက်ဆံပြီးတော့ တော်လှန်ရေးအရ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဖို့ ဒီရုံးခန်းကနေ လုပ်နိုင်တာရှိတာတွေ လုပ်သွားဖို့ ရည်မှန်းထားပါတယ်"
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက " အမေရိကန်အစိုးရအနေနဲ့ Burma Act ဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဆက်လက်အားပေးထောက်ခံနေတယ်" လို့ ဖွင့်ပွဲမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာစစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို အမေရိကန်ကရော တခြားဒေသတွင်းနိုင်ငံတွေကပါ လက်မခံကြဖို့ အရေးကြီးကြောင်းလည်း သူက တိုက်တွန်းခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပေါ် အမေရိကန်အစိုးရက အသိအမှတ်ပြုတဲ့ အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလို ပြောသွားပါတယ်။
“ကျွန်မတို့ သုံးတဲ့ အသုံးအနှုန်းကတော့ official engagement လို့ သုံးတယ်။ တရားဝင်အသိအမှတ်ပြုမှု Recognition လို့ ပြောရင် နိုင်ငံ State ကိုပဲ အသိအမှတ်ပြုတာ ဖြစ်တယ်။ အစိုးရကို recognize လုပ်တာ မဟုတ်ဘူးဆိုတဲ့ သံခင်းတမန်ခင်းအရ ပရိုတိုကောလ်တွေ၊ အသိအမှတ်ပြုမှု ဆိုင်ရာ အခြေခံ ပေးထားချက်တွေ ရှိနေတယ်။ ပြောရမယ်ဆိုရင်တော့ ဒီရုံးခန်းဖွင့်ပွဲမှာ တာဝန်ရှိတဲ့သူတွေ တက်ရောက်တာကိုက၊ ကျွန်မတို့ တောင်းဆိုထားတဲ့ official engagement ကို သဘောတူပြီးတော့ engagement လုပ်တဲ့ သဘောလို့ ပြောလို့ရပါတယ်”
အမေရိကန်အစိုးရကနေ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး အားပေးထောက်ခံသွားဖို့ ကတိပြုချက်တွေ ပါဝင်တဲ့ Burma Act ဥပဒေပါ ပြဋ္ဌာန်းခဲ့တဲ့နောက် ဒီ NUG ရဲ့ ရုံးခန်းကို ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တဲ့အကြောင်းနဲ့ ဒီရုံးခန်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမှာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသွားပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းဟာ အမေရိကန်သမ္မတအိမ်ဖြူတော် White house ကနေ မိုင်ဝက်လောက်ပဲဝေးတဲ့ နေရာမှာ တည်ရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း နိုဝင်ဘာလကစလို့ ဒီရုံးခန်းကို ဖွင့်ထားတာဖြစ်ပေမယ့် အခု အမေရိကန်အစိုးရဝန်ကြီးတွေဖိတ်ပြီး အခမ်းအနားနဲ့ ထပ်မံဖွင့်လှစ်တာပါ။
အခုလို ရုံးဖွင့်ခွင့်ရတာဟာ NUG ကို မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားပြုအစိုးရအဖြစ် အမေရိကန်ပြည်ထောင်စုဘက်က အသိအမှတ်ပြု လက်ခံလိုက်တာဖြစ်တယ်လို့ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက RFA ကို ပြောဆိုထားဖူးပါတယ်။
RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းတွေကို အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်နဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ နော်ဝေနိုင်ငံတို့မှာ ဖွင့်လှစ်ထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ NUG ကိုယ်စားလှယ် ရုံးခန်းဖွင့်တဲ့ နိုင်ငံတွေကို ကန့်ကွက်ထားပါတယ်။ ဒီကနေ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သဘောထားမသိရသေးပါဘူး။
အခုဆိုရင် အမေရိကန် ပြည်ထောင်စု အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်မှာ စစ်ကောင်စီလက်အောက်ခံသံရုံးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဆိုပြီး အပြိုင် ရုံးနှစ်ရုံး ရှိသွားပြီဖြစ်ပါတယ်။