၂၀၂၅ ခုနှစ်မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အနေနဲ့ ပြုပြင်ပြောင်းရေးတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုအပ်နေကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၇ ရက်နေ့မှာ ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
NUG အစိုးရကို ကျစ်လစ်ထိရောက်စွာ အလုပ်လုပ်နိုင်စေဖို့ ပြုပြင်ပြောင်းလဲရေးကိစ္စ၊ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ်ဆက်ဆံရေး တိုးမြှင့်ဖို့ ဒီသုံးချက်ကို အမြန်ဆုံးလုပ်ဆောင်ဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
“လုပ်ဆောင်စရာတွေ များပြားလှတဲ့အထဲက အထက်မှာ ကျွန်တော် ပြောခဲ့တဲ့အချက် သုံးချက်ကတော့ ဒီလတွေအတွင်းမှာကိုပဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြရမဲ့ ကဏ္ဍတွေဖြစ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်”
NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ၂၀၂၅ ခုနှစ်ဟာ NUG အစိုးရအဖွဲ့အတွက် ကိုယ်တိုင် ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမဲ့နှစ်ဖြစ်တယ်လို့ အဲဒီအစည်းအဝေးမှာ ပြောပါတယ်။
NUG အစိုးရအဖွဲ့ထဲမှာ အပြောင်းအလဲတွေပြုလုပ်မဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မတွေ့ရသေးပါဘူး။
ပြည်ပရောက်နေတဲ့ NUG အစိုးရအဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်တွင်းမှာ အင်အားပြန်လည်တည်ဆောက်ဖို့ဆိုပြီး နိုဝင်ဘာ ၂၆ ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုထားပါတယ်။