အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်နေပြီး၊ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC မှာ တရားစွဲဆိုဖို့ စီစဉ်နေတဲ့အကြောင်း NUG အစိုးရ တာဝန်ရှိသူတွေက မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒီလို ICC တရားရုံးမှာ စွဲဆိုဖို့ ကြိုးစားတာကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုပေမယ့်၊ မြန်မာနိုင်ငံဟာ ရောမ သဘောတူ စာချုပ် အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
ဇွန်လ ၂၅ ရက်နေ့ မနေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဏာသိမ်း စစ်ကောင်စီကနေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရရှိဖို့အတွက် NUG အစိုးရအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC မှာ ရုံးတင်စစ်ဆေးမှုတွေ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာဥပဒေပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ NUG ရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောသွားပါတယ်။

NUG အစိုးရဟာ အာဏာသိမ်း စစ်တပ်ကနေကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရာဇဝတ်မှုတွေကို ICCတရားရုံး စံချိန်စံနှုန်းနဲ့ စနစ်တကျ မှတ်တမ်းတင်ထားတာ၊ case ပေါင်း လေးသိန်းကျော် ရရှိထားပြီဖြစ်တယ်လို့လည်း ဒေါက်တာဆာဆာက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC မှာ တရားစွဲဆိုနိုင်ဖို့ဆိုရင် Rome Statue သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထားတဲ့ ICC တရားရုံးအဖွဲ့ဝင် နိုင်ငံဖြစ်ဖို့ လိုတဲ့ လိုအပ်ချက်ရှိတာကြောင့် NUG အစိုးရရဲ့ ကြိုးပမ်းမှုဟာ အောင်မြင်ဖို့ အလှမ်းဝေးပေမယ့် နိုင်ငံတကာရဲ့အားပေးထောက်ခံမှု ဘယ်လောက်ရသလဲ ဆိုတာကိုလည်း ထည့်စဉ်းစားဖို့ လိုတဲ့အကြောင်း နော်ဝေနိုင်ငံအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်အရေးအဖွဲ့ HRW က အာရှရေးရာဆိုင်ရာ ညွှန်ကြားရေးမှူး Phil Robertson ကတော့ ခုလို သုံးသပ်ပါတယ်။

ဒါကြောင့်မို့ အာဏာသိမ်းစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု crime against humanity လိုမျိုး ကြီးမားပြင်းထန်တဲ့ အမှုတွေ ကျူးလွန်ခဲ့ကြောင့်းနဲ့ ထပ်ပြီး မကျူးလွန်နိုင်အောင် နိုင်ငံတကာက ဝင်ရောက်တားဆီးပေးဖို့ တာဝန်ရှိတဲ့အကြောင်း NUG အစိုးရက သက်သေပြနိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် NUG အစိုးရအနေနဲ့ ရာဇဝတ်မှု မှတ်တမ်းတွေကို ထိန်းသိမ်းထားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ဖွဲ့စည်းပေးလိုက်တဲ့ IIMM လို အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ နောက်တစ်ချိန်မှာ ဒီရာဇဝတ်မှုတွေကို universal jurisdiction ကို လက်ခံတဲ့ အခြား နိုင်ငံတစ်နိုင်ငံမှာ လွတ်လပ်တဲ့ ခုံရုံးဖွဲ့ပြီး စစ်ဆေးစီရင်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်"
ဂျာမနီနိုင်ငံမှာရောက်နေတဲ့ Fortify Rights အဖွဲ့က လူ့အခွင့်အရေးလှုပ်ရှားသူ ကိုနစ်ကီဒိုင်းမွန်း ကတော့ NUG အစိုးရအနေနဲ့ စုဆောင်းထားတဲ့ အထောက်အထားတွေကို ICC တရားရုံးမှာ တင်သွင်းနိုင်လောက်တဲ့ စံချိန်မီအောင် verification ပြုလုပ်ရာမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။
ဥပဒေပိုင်းအရဆိုရင် မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေကို တိုက်ရိုက်သက်သေခံဖို့ လိုအပ်တဲ့ Common Law System ကို အသုံးပြုပြီး တဆင့်ခံ သက်သေတွေကို အသုံးပြုတဲ့ စနစ်ကို လက်မခံပေမယ့် ICC တရားရုံးကတော့ ဒီဥပဒေစနစ်မျိုးကို လက်ခံတဲ့အတွက် ကချင်ပြည်နယ်၊ ကောင်းခါးကျေးရွာက ဆရာမလေးနှစ်ယောက် သတ်ဖြတ်ခံရတဲ့အမှုလို အတိတ်က ဖြစ်ပွားခဲ့ပြီး တရားစီရင်နိုင်ခြင်း မရှိသေးတဲ့အမှုတွေကိုပါ ICC တရားရုံးကို တင်သွင်းရာမှာ ထည့်သွင်းပြီး တင်ပြသွားမှာ ဖြစ်တယ်လို့ NUG အစိုးရတာဝန်ရှိသူတွေက ပြောသွားပါတယ်။