နွေဦးတော်လှန်ရေးအတွက် လော့စ်အိန်ဂျလိစ်မြို့ရန်ပုံငွေပွဲမှာ ဒေါ်လာတစ်သိန်းကျော်ရ
2021.09.28

ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိစ်မြို့က အဆိုတော်ဆောင်းဦးလှိုင်ရဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲကနေ စံချိန်တင်အလှူငွေ ဒေါ်လာ ၁ သိန်းကျော်ရရှိခဲ့ပါတယ်။ ပါဝင်စီစဉ်သူတဦးက နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခင်မော် ပါ။
“ဒေါက်တာထွန်းတင် ရေးဆွဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ပန်းချီရဲ့ ရုပ်ပုံပန်းချီကားကို ဒေါ်လာ ၈၅ဝဝ နဲ့ လေလံ ဝယ်သွားတယ်။ အဲဒီ ၈၅ဝဝ ကို တခြားတယောက်က match ပေးပြီး ၈၅ဝဝ ထပ်ယူသွားတော့ ဒီပန်းချီကားရဲ့တန်ဖိုးက ဒေါ်လာ ၁၇ဝဝဝ ဖြစ်သွားတယ်။ ပြီးတော့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှာခေါင်းစည်းပြိုင်ပွဲမှာ ပထမဆုရသွားတဲ့ Eric Yang က သူရထားတဲ့ ရွှေဒင်္ဂါးပြားလေးကို လေလံတင်တာ ဒေါ်လာ ၁၁,ဝဝဝ ရသွားပါတယ်။ ကိုဆောင်းဦးလှိုင်က သူ့ရဲ့ ဂစ်တာကို လေလံတင်တာ ဒေါ်လာ ၅ဝဝဝ ရတယ်၊ သူ့ရဲ့ဂျက်ကက်ကို သူဆိုင်းထိုးပြီး လေလံတင်တာ ဒေါ်လာ ၃၂ဝဝ ရတယ်။ ကျနော်တို့အားလုံး အဲဒီနေ့က စုစုပေါင်း ဒေါ်လာ ၁ သိန်း ၁ ထောင်အထိ အလှူငွေ ရခဲ့ပါတယ်”
ကယ်လီဖိုးနီးယားပြည်နယ်မှာ မြန်မာဆရာဝန်အများအပြားရှိပါတယ်။ မြန်မာပြည်ဒီမိုကရေစီပြန်လည် ရရှိရေးမှာ သူတို့တက်ကြွစွာ ပါဝင်နေပါတယ်။ ဒီပွဲမှာ ဒေါက်တာထွန်းတင်ရေးဆွဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားကို ဒေါ်လာ ၈၅ဝဝ နဲ့ လေလံအောင်ခဲ့သူကတော့ ဒေါက်တာ ကျော်မိုးပါ။
“အရမ်းကို အသက်ဝင်တဲ့ ပန်းချီကားဖြစ်တယ်။ ပြီးတော့ အမေစု မျက်လုံးက တွေးနေတဲ့ တခုခုစိုးရိမ်နေတဲ့ အတွေးနစ်နေတဲ့ ပုံကို ပန်းချီဆရာကဖန်တီးထားတော့ အခုဖြစ်နေတဲ့အခြေအနေနဲ့ တကယ်ကို reflection ဖြစ်နေတယ်။ ကျနော်တို့ ကလေးတွေ လူကြီးတွေ အကုန်လုံး CDM တွေ PDF တွေ ကျနော်တို့ NUG က လူကြီးတွေ အနေဆင်းရဲ အစားဆင်းရဲ အအိပ်တွေပျက် အဲလိုလုပ်နေသူတွေကို ကျနော်တို့ မက်ဆေ့ချ် အကောင်းဆုံး ပေးချင်တာက ဒီမှာ ဗမာပြည်တွင်းက လူတွေတင် မဟုတ်ဘူး နိုင်ငံခြားမှာရောက်နေတဲ့ ဗမာတွေအကုန်လုံးပါ အုံကြွနေတဲ့ပွဲကြီး၊ သူတို့တွေအကုန်လုံးကို နောက်က ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က အကုန်လုံးက ထောက်ပံ့ပေးနေတယ် အဲဒီ မက်ဆေ့ချ် ပေးချင်တယ်”
ဒီပန်းချီကားအတွက် ဒေါက်တာကျော်မိုး ပေးခဲ့တဲ့ ပမာဏအတိုင်း တခြားမြန်မာနိုင်ငံသားတဦးကလည်း ဒေါ်လာ ၈၅ဝဝ ကို ပါဝင်လှူဒါန်းခဲ့ပါတယ်။ ဒီပွဲမှာ လေလံတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးအထိမ်းအမှတ် လက်သုံးချောင်းထောင်ပန်းပုကို ထုလုပ်လှူဒါန်းခဲ့သူကတော့ ဒေါက်တာ ခင်မောင်ဝင်း ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရက်ရက်စက်စက်သတ်ဖြတ်မှုတွေအတွက် ပြည်ပရောက် မြန်မာနိုင်ငံဇာတိဖွားတဦးအနေနဲ့ တာဝန်မကျေသလို ခံစားခဲ့ရတယ်လို့ သူကပြောပါတယ်။
“ပြည်ပရောက်နေတဲ့သူတွေက တော်လှန်ရေးကို အရင်ထဲကလည်း မလုပ်ဖူးဘူး။ ဒါပေမဲ့ စိတ်ထဲကတော့ guilty Conscious ရှိတယ်ပေါ့ စိတ်ထဲကတော့ အားလုံးကတော့ ဖြစ်စေချင်တယ်၊ အားလုံးက တော်လှန်တာတွေလုပ်လာတော့ အားပေးချင်တယ်၊ ဘာလုပ်ရမလဲမသိတော့ pro-democracy တော်လှန်ရေးကြီး ပေါ်လာတယ်ဆိုတော့ ကျနော်လဲ sculpture တခု လုပ်ဖို့ စိတ်ကူးရတာနဲ့ ဒီတော်လှန်ရေးအတွက် လှူလို့ရအောင် လုပ်တာ။”
အဲဒီ ပန်းပုကို ဆေးရုံတာဝန်တွေကြားထဲကနေ မဖြစ်မနေ သူဘယ်လိုထုလုပ်ခဲ့ပါသလဲ။
“အရင်ဆုံးလုပ်တာက clay model နဲ့လုပ်တယ် ရွှံ့ပေါ့။ ကျနော်တို့သိတဲ့ ရွှံ့က များသောအားဖြင့် ရေနဲ့လုပ်တဲ့ရွှံ့ပေါ့ water base နဲ့လုပ်တာ၊ ကျနော်လုပ်တာက oil base clay ဆီနဲ့လုပ်တဲ့ရွှံ့ပေါ့၊ အဲဒါကို ကျနော် sculpture လုပ်တာပေါ့။ အဲဒါကို ကျနော် silicon ဆိုတဲ့ ရာဘာလို ပစ္စည်းမျိုး နဲ့ အပေါ်ကနေ mold ပြန်ဖြစ်အောင် လုပ်တာပေါ့နော်၊ အဲဒီ mold မှာတခါ အရံတွေ ဘာတွေလုပ်ပြီးမှာ final product ထွက်လာအောင်လုပ်တာပေါ့။ လုပ်တဲ့ ကုန်ပစ္စည်းက ရန်ကုန်မှာဆိုရင် ကျောက်ပတ်တီး နဲ့ ပလပ်စတာ ပေါ့။ ကျနော်လုပ်တာက ကျောက်ပတ်တီးအမျိုးအစားပဲ။ သူ့ထက် ၂ ဆ ၃ ဆ ပိုခိုင်တဲ့ အင်္ဂတေလိုဟာမျိုးနဲ့ လုပ်တယ်ပေါ့။ ကျနော်အဲဒါ acrylic ဆေး အဖြူရောင်ပြန်သုတ်လိုက်တယ်။”
နောက်တဦးကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျင်းပခဲ့တဲ့ နှာခေါင်းစည်း Mask ပြိုင်ပွဲမှာ ပထမ ဆုရခဲ့တဲ့ ဒေါက်တာ အဲရစ်ယန်း Dr. Eric Yang က သူရရှိခဲ့တဲ့ ရွှေဒင်္ဂါးပြားကို ရန်ပုံငွေအတွက် လှူဒါန်းခဲ့တာကို ဒေါ်လာ ၁၁ဝဝဝ နဲ့ လေလံဆွဲခဲ့တဲ့ ကိုဝေဖြိုးနဲ့ မယမင်းသွင် တို့ ဇနီးမောင်နှံဖြစ်ပါတယ်။ ဆူရှီအစားအသောက်ဆိုင်လုပ်ငန်းနဲ့ အောင်မြင်နေသူတွေပါ။ အဆိုတော် ဆောင်းဦးလှိုင် ရဲ့ ဂစ်တာကိုလည်း ဒေါ်လာ ၅ဝဝဝ နဲ့ သူတို့ဝယ်ယူခဲ့ပါတယ်။
“မတရားအဖမ်းခံရတယ်။ ထောင်ထဲရောက်တယ်။ တတိုင်းပြည်လုံး ဒီလိုမျိုး ဖြစ်ပျက်တာတွေ နှိပ်စက်ခံရတာတွေ လွတ်မြောက်ဖို့ကတော့ ကျနော်တို့ အားလုံး တတပ်တအားနဲ့ပါဝင်မှပဲ လွတ်နိုင်မယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် လှူဖြစ်တာပါ”
ပါဝင်လှုပ်ရှားသူတွေ လှူဒါန်းသူတွေ လေလံဆွဲသူတွေ အားလုံးက အမိမြန်မာပြည်အတွက် သူတို့နောက်ထပ်လည်း အလားတူ ကူညီကြမှာပဲလို့ RFA ကို ပြောဆိုကြောင်းပါ။