NUG နဲ့ မြန်မာပြည်သူတွေကို စာနာနားလည်ကြောင်း အထူးအကြံပေးကောင်စီပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံတွန်းလှန်စစ် ဆင်နွှဲဖို့ ကြေညာလိုက်တာဟာ စိတ်မကောင်းစရာဖြစ်ပေမယ့်၊ အာဏာသိမ်းပြီး ၇ လအတွင်း စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းမှုတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းက အရေးယူမှု မရှိတာတွေအပေါ် NUG နဲ့ မြန်မာပြည်သူတွေရဲ့ အားမလိုအားမရဖြစ်မှုတွေကို မိမိတို့ နားလည်သဘောပေါက်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်မှုဟာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခရောက်ရခြင်းရဲ့ အခြေခံအကြောင်းရင်း ဖြစ်ပါတယ်၊ ဒါဟာ အဖြေမဟုတ်ပါဘူး။ NUG ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့အနေနဲ့ စာနာနားလည်ပေမဲ့ ဒီဆုံးဖြတ်ချက်က ထွက်လာမဲ့ အကျိုးရလဒ်တွေအတွက် စိုးရိမ်ပူပန်မိပါတယ်… လို့ အထူးအကြံပေးကောင်စီ အဖွဲ့ဝင် Chris Sidoti က ပြောပါတယ်။
အကြံပေးကောင်စီ အဖွဲ့ဝင် မစ္စယန်ဟီးလီကလည်း… ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသူတွေကို လူသားမဆန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ ကြောက်မက်ဖွယ် နည်းဗျူဟာတွေ သုံးပြီး စစ်တပ်က ရက်ရက်စက်စက် ချေမှုန်းခဲ့တာ အခုဆိုရင် ၇ လရှိသွားပြီလို့ ပြောပါတယ်။
နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာပြည်သူတွေကို ကယ်တင်ကူညီဖို့ အခွင့်အလမ်း အလုံအလောက် ရခဲ့ပေမယ့် တောက်လျှောက် ပျက်ကွက်ခဲ့တယ်လို့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။ မြန်မာ့အရေးကို ဝင်ရောက်ဖြေရှင်းမယ်ဆိုတဲ့ အာဆီယံအဖွဲ့ဟာလည်း ခြောက်လသာ ပြည့်သွားပေမဲ့ အခုအထိ အထူးသံတမန် ခန့်အပ်ရုံပဲ လုပ်နိုင်ပြီး လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဧပြီလကတည်းက ကတိကဝတ်တွေကို အခုထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့လည်း ကြေညာချက်မှာ ဝေဖန်ထားပါတယ်။
အကြံပေးကောင်စီ အဖွဲ့ဝင် နောက်တစ်ဦးဖြစ်တဲ့ Marzuki Darusman ကလည်း… အာဆီယံက ခန့်အပ်လိုက်တဲ့ အထူးကိုယ်စားလှယ်ရဲ့ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတဲ့စကားဟာ လွဲချော်နေကြောင်း၊ ဖြစ်ရမှာက ဘုံသဘောတူညီချက် ငါးချက်ထဲမှာပါတဲ့ "အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်စဲရေး"ကို တောင်းဆိုရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးဟာ မြန်မာနိုင်ငံတွင်းမှာ ပကတိဖြစ်ပွားနေတဲ့ အခြေအနေကို မထင်ဟပ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို အသုံးချပြီး သေနင်္ဂဗျူဟာအရ အခွင့်အရေးယူတတ်တဲ့ စစ်တပ်ကိုပဲ အကျိုးရှိစေမှာဖြစ်ကြောင်းလည်း Marzuki Darusman က ကြေညာချက်မှာ ပြောဆိုထားပါတယ်။
လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံဟာ နိုင်ငံတကာအသိုင်းအဝန်းအတွက် မြန်မာပြည်သူတွေကို အားပေးထောက်ခံပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဆောင်ရွက်ဖို့ အခွင့်အလမ်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။