မတ်လအတွင်း နေအိမ်လေးထောင်ကျော် မီးရှို့ခံခဲ့ရကြောင်း NUG ထုတ်ပြန်

RFA Burmese
2023.04.03
မတ်လအတွင်း နေအိမ်လေးထောင်ကျော် မီးရှို့ခံခဲ့ရကြောင်း NUG ထုတ်ပြန် မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
Tigying Revolution

၂၀၂၃ ခုနှစ်၊ မတ်လအတွင်း တစ်နိုင်ငံလုံးမှာ ၁၀၂ ကြိမ် မီးရှို့ခံရပြီး နေအိမ် ၄,၃၉၂ လုံး မီးလောင်ပျက်စီးကာ ဒေသခံ ၃၅ ဦးအထိ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ မီးသတ်ဦးစီးဌာနက ဧပြီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဟာ မီးရှို့ခံရမှု အကြိမ် ၅၀ နဲ့ အများဆုံးဖြစ်ခဲ့ပြီး နေအိမ် ၃,၁၀၇ လုံးနဲ့ ဘာသာရေးအဆောက်အအုံတစ်လုံး ပျက်စီးခဲ့သလို ပြည်သူ ၂၆ ဦးအထိ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် မန္တလေးတိုင်းမှာ မီးရှို့ခံရမှု ၁၇ ကြိမ်ရှိခဲ့ပြီး၊ မကွေးတိုင်းမှာ ၁၁ ကြိမ်၊ ကရင်ပြည်နယ်မှာ သုံးကြိမ်၊ တနင်္သာရီတိုင်းမှာ ခုနစ်ကြိမ်၊ ချင်းပြည်နယ်မှာ တစ်ကြိမ်၊ ပဲခူးတိုင်းမှာ ခြောက်ကြိမ်၊ ရှမ်းပြည်နယ်မှာ သုံးကြိမ်၊ ကချင်ပြည်နယ်မှာ သုံးကြိမ်နဲ့ ကယားပြည်နယ်မှာ တစ်ကြိမ် မီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ သတင်းမီဒီယာတွေရဲ့ နေ့စဉ်သတင်းဖော်ပြချက်တွေအပြင် သက်ဆိုင်ရာ မြို့နယ် ပ.က.ဖ တွေရဲ့ မြေပြင်အခြေအနေတွေအပေါ် အချက်အလက် ကောက်ယူထားတာလို့ NUG မီးသတ်ဦးစီးဌာန သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"မီးရှို့ခံရတဲ့အမှုတွေကို သတင်းမီဒီယာတွေကနေ ကနဦး ကောက်ယူတာပေါ့။ အဲဒီကနေ မြေပြင်မှာရှိနေတဲ့ ပကဖ အဖွဲ့တွေကနေ ဆုံးရှုံးတဲ့ အရေအတွက်တွေကို အချက်အလက် ကောက်ယူတာပေါ့။ စစ်ကိုင်းနဲ့ မကွေးမှာလည်း မီးဘေးလုံခြုံရေးအဖွဲ့တွေ ဖွဲ့ထားတာလည်း ရှိပါတယ်။ သူတို့ကနေ နေအိမ်အရေအတွက် အပျက်အစီး အခြေအနေကို စနစ်တကျ စာရင်းပြုစုပြီး ကျနော်တို့ကို ပြန်ပို့ပေးတာလည်း ရှိတယ်"

စစ်ကောင်စီတပ်ဟာ လက်နက်ကိုင် ပဋိပက္ခပြင်းထန်တဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ မြေပြင်ရော လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် မီးလောင်ပျက်စီးတဲ့အရေအတွက် အခုနှစ် အစောပိုင်းကတည်းက ပိုတိုးလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ဇွန်လ ၆ ရက်နေ့ RFA ကမေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။

မီးရှို့ခံရမှုတွေကို မှတ်တမ်းတင်နေတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း (Data For Myanmar) ရဲ့ မတ်လ ၁၉ ရက်နေ့အထိ စာရင်းအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်နိုင်ငံလုံးမှာ နေအိမ်စုစုပေါင်း ၆၀,၄၅၉ လုံး ပျက်စီးခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းအရ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ ဒသမ ၇ သန်းကျော် ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။