NRPC ငြိမ်းချမ်းရေးရုံး ဖွင့်လှစ်

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က နေပြည်တော်မှာဖွင့်လှစ်တဲ့ NRPC ငြိမ်းချမ်းရေးရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် သံလွင်ပင်စိုက်ပျိုးနေစဉ်
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က နေပြည်တော်မှာဖွင့်လှစ်တဲ့ NRPC ငြိမ်းချမ်းရေးရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် သံလွင်ပင်စိုက်ပျိုးနေစဉ် (Photo: Win Naung Toe/ RFA)

ငြိမ်းချမ်းရေးပန်းတိုင်ကို တည့်တည့်မတ်မတ်ရောက်ဖို့က အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ ကျင်းပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားဖို့အတွက် အခုဖွင့်လှစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး စင်တာ ကနေ ပြည်သူတွေနဲ့ မြန်မာနိုင်ငံကို စာနာကူညီမယ့် နိုင်ငံတကာအကူအညီနဲ့ ဝိုင်းဝန်းကြိုးစားရမှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရရှိခဲ့တာ နှစ်ပေါင်း ၇၀ ရှိပြီဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအမြန်ဆုံး ရရှိဖို့ လိုအပ်ကြောင်း ၊ လွတ်လပ်ရေးရကတည်းက အမျိုးသားသင့်မြတ်ရေး မရှိခဲ့တာဖြစ်တဲ့အတွက် ဖယ်ဒရယ်ပြည်ထောင်စုကြီး ဖြစ်မြောက်လာရင်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိန်းသိမ်းဖို့ ဆက်လက်လိုအပ်မှာဖြစ်တယ်လို့ ပြောပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့အတွက် ယုံကြည်မှုတည်ဆောက်ဖို့လိုကြောင်း၊ ယုံကြည်မှု တည်ဆောက်နိုင် ဖို့အတွက် ဖြောင့်မတ်မှန်ကန်ရေးက အခြေခံ ကျတယ်လို့ပြောပါတယ်။

အခုလိုနှစ်သစ်ရဲ့ အစရက်မှာ ငြိမ်းချမ်းရေးဗဟိုဌာနဖွင့်လှစ်တာဟာ ဒီနှစ်အတွင်းမှာ ငြိမ်းချမ်းရေးရရှိဖို့ ဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် သံလွင်ပင် စိုက်ပျိုးခဲ့ပြီး အခမ်းအနားကို ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနဲ့ တပ်မတော်အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။