မြန်မာမီဒီယာလောက ပြီးပြည့်စုံမှု မရှိသေးဟု ဒေါ်အောင်ဆန်း စုကြည်ပြော

ရန်ကုန်မြို့ ဗဟန်းမြို့နယ် Co-Operative Business Center မှာ မတ်လ ၉ ရက်နေ့က Suu Foundation ဖွင့်ပွဲအခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
ရန်ကုန်မြို့ ဗဟန်းမြို့နယ် Co-Operative Business Center မှာ မတ်လ ၉ ရက်နေ့က Suu Foundation ဖွင့်ပွဲအခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (photo: Myo Zaw Ko/RFA)

0:00 / 0:00

မြန်မာသတင်း မီဒီယာလောကဟာ ပြီးပြည့်စုံတဲ့ လွတ်လပ်မှု မရှိသေးကြောင်း၊ သတင်းမီဒီယာ သမားတွေအနေနဲ့ မိမိတို့ရေးသားဖေါ်ပြချက်တွေ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုအပ်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ နိုင်ငံတကာ မီဒီယာညီလာခံနဲ့ စုဖေါင်ဒေးရှင်း ဖွင့်လှစ်ပွဲ အခမ်းအနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် East-West Center က ကျင်းပတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံ ဖွင့်လှစ်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုဖေါင်ဒေးရှင်း ဖွင့်လှစ်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ဆရာစံပလာဇာရှိ သမဝါယမအဆောက်အဦးမှာ ကျင်းပခဲ့တာပါ။

အဲ့ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာလွတ်လပ်ခွင့်၊ တာဝန်ယူမှုအပိုင်းနဲ့ပတ်သက်ပြီး

"တကယ်လို့ ဒီနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ပြီးပြည့်စုံနေပြီလားလို့မေးရင် လွတ်လပ်မှု အပြည့်အ၀ မရှိသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အကာအကွယ်ပေးထားတဲ့ မီဒီယာဥပဒေ မရှိသေးလို့ပါပဲ၊ တချိန်တည်းမှာလည်း တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ သတင်းမီဒီယာတွေလည်း လုံလုံလောက်လောက် မရှိသေးပါဘူး၊ အဲဒါကဘာကြောင့်လည်းဆိုရင် နှစ်ပေါင်းများစွာ လွတ်လပ်ပြီး တာဝန်ခံမှုရှိတဲ့ သတင်းမီဒီယာလောကနဲ့ အဆက်ပြတ်ခဲ့လို့ပါပဲ၊ ဒါကြောင့် တာဝန်ခံမှုရှိတဲ့ မီဒီယာလူငယ်တွေ အများအပြားရှိလာဖို့ စနစ်တကျ လေ့ကျင့်ပေးဖို့ လိုအပ်နေပါတယ်" လို့ အင်္ဂလိပ်ဘာသာနဲ့ ပြောကြားခဲ့ပါတယ်။

နိုင်ငံပေါင်း ၃၁ နိုင်ငံက သတင်းမီဒီယာသမား ၃၀၀ ကျော် တက်ရောက်နေတဲ့ ညီလာခံကို ရန်ကုန်မြို့ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးမှာ မတ်လ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး မြန်မာသတင်းမီဒီယာသမားတွေအပြင် စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်က ထင်ရှားသူတွေလည်း တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီနေ့ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ တည်ထောင်ထားတဲ့ စု ဖေါင်ဒေးရှင်းကိုလည်း ပူးတွဲဖွင့်လှစ်ပွဲကျင်းပခဲ့ပါတယ်။ စုဖေါင်ဒေးရှင်းရဲ့ ပူးတွဲနာယကတွေအဖြစ် တာဝန်ယူထားကြတဲ့ အမေရိကန်သမ္မတဟောင်း George Bush ရဲ့ဇနီး Mrs. Laura Bush နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Mrs Hillary Clinton တို့ကလည်း သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ကြိုတင်သွင်းထားတဲ့ ဗီဒီယိုခွေနဲ့ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါတယ်။

စုဖေါင်ဒေးရှင်းဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းသွားမှာဖြစ်ပြီး ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး Michelle Yeoh က စုဖေါင်ဒေးရှင်းမှာအဖွဲ့ရဲ့ အကြီးအကဲတစ်ဦးအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးဝင်းနိုင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။