စစ်ဘေးဒုက္ခသည်တွေကို အမြန်ဆုံးကူညီဖို့ ပြည်နယ် လွှတ်တော်မှာ အဆိုတင်သွင်း


2016.02.25
shan-parliament-620.jpg ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
.

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြာင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရအနေနဲ့ အမြန်ဆုံး အကူအညီတွေပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဒီနေ့ ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းလိုက် ပါတယ်။

တိုက်ပွဲအတွင်းမှာ  ပြည်သူတွေ သေဆုံးရတာကို ကန့်ကွက်ရှုှတ်ချကြောင်းနဲ့  စစ်ဘေးဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေးအတွက် အကူအညီပေးဖို့ ရှမ်းပြည်နယ် အစိုးရကို တိုက်တွန်းတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျောက်မဲမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြော ပါတယ်။

"အရေးကြီးတဲ့အဆိုထဲမှာ လက်နက်ကိုင်တိုင်းရင်းအချင်းချင်း တိုက်ခိုက်တဲ့စစ်ပွဲမှာ လူသားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီးတော့ စစ်ပွဲဆင်နွှဲတာကိုတော့ ရှမ်းပြည်နယ်မှာလည်း ဖြစ်ပွားနေတယ်၊ ရှမ်းပြည်နယ်လွှတ်တော်အနေနဲ့ ဒီကိစ္စကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသင့်တာပေါ့၊ ကျနော် ပထမ တစ်ချက်အနေနဲ့ မီးမောင်းထိုးပြီးတော့ တင်ပြတာပေါ့လေ၊ နံပါတ် ၂ က အရပ်သားတွေ သတ်ဖြတ်ခံ ရတယ်၊ ပြည်သူတွေရဲ့ အိမ်နဲ့ပစ္စည်းတွေ လုယက်ခံရတာပေါ့လေ၊ အဲ့ဒါကို တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်တဲ့စစ်ပွဲမှာ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်တာတို့ဘာတို့ အဲ့ဒါလည်းပဲ လွှတ်တော်ကနေ တဆင့်ပေါ့လေ အပြင်အထန် ကန့်ကွက်ရှုတ်ချဖို့ စစ်ပွဲကာလအတွင်းမှာ နေအိမ် ၈ လုံး မီးရှို့ခံရတယ်၊ ဆိုင်ကယ် ၈ စီး ၉ စီးလောက် ဖျက်ဆီးခံရတယ်၊ အခြားပစ္စည်းတွေအများကြီး လုယက်ခံရတယ်၊ ဒီလိုမျိုး အနေအထားမှာဆိုလို့ရှိရင် ပြန်လည်ထူထောင်တဲ့ကာလမှာ အစိုးရအနေနဲ့ အပြည့်အဝ ကူညီဆောင် ရွက်ပေးဖို့ပေါ့လေ ကျနော် အလေးအနက် အစိုးရကို တိုက်တွန်းတာပေါ့"

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ သီပေါနဲ့ နမ့်မတူမြို့နယ်တွေမှာ TNLA နဲ့ RCSS/SSA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ် မင်းကုန်း၊ ညောင်မောင်းနဲ့ တော့ဆန်ကျေးရွာတွေမှာ နေအိမ်တွေနဲ့ ဆိုင်ကယ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ပေါ်မှာ ဒုက္ခသည်စခန်း ၂ဝ ကျော် ဖွင့်လှစ်ထားရပြီး စစ်ဘေးဒုက္ခသည် ၄ ထောင် ကျော် ခိုလှုံနေကြပါတယ်။ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ မရှိပေမယ့် ဒုက္ခသည်တွေဟာ နေရပ်ကို မပြန်ရဲကြသေးဘူးလို့လည်း သိရပါတယ်။

အဲ့ဒီအဆိုဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အသစ်စတင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေမှာ ပထမဆုံးတင်သွင်းတဲ့ အဆိုဖြစ်ပါတယ်။ အဆိုကို ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးဖို့ ကန့်ကွက်သူမရှိတာကြောင့် မနက်ဖြန် ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီနေ့ ရှမ်းပြည်နယ် လွှတ်တော်အပြင် ဧရာဝတီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ လွှတ်တော်အစည်း အဝေးတွေ ပြန်လည်ကျင်းပခဲ့ပြီး လွှတ်တော်ရေးရာ ကော်မတီတွေကို ဖွဲ့စည်းခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။