မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင် ကူမင်းမှာဆွေးနွေး


2018.09.05
fpncc-622.jpg FPNCC အဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းတို့ တရုတ်ပြည် ကူမင်းမြို့မှာ ၂ဝ၁၈ မေလ ၁၈ ရက်နေ့က တွေ့ဆုံစဉ်
Photo: FPNCC - facebook

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း လက်နက်ကိုင်မဟာမိတ်တွေဖြစ်တဲ့ TNLA တအာင်းပလောင်အဖွဲ့၊ AA ရက္ခိုင်အဖွဲ့၊ MNDAA ကိုးကန့်..စတဲ့ အဖွဲ့သုံးဖွဲ့က ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ် ဖြစ်ပေမဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့ကို မူလက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခွင့်မပြုဖို့ တပ်မတော်က တားမြစ်ထားတာတွေနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာ ဆွေးနွေးကြတယ်လို့ အစည်းအဝေးတက်ရောက်တဲ့ TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်က ပြောပါတယ်။

“အခုတော့ ကျနော်တို့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီးတော့မှ ဒီလိုမျိုးကိစ္စတွေကို ကျော်လွှားနိုင်ဖို့လိုတယ်၊ အဲဒီလိုပဲ တစ်ဆို့နေမယ်ဆိုရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေ မပါနိုင်ဘူး.. ဖယ်ချန်ထားမယ်ဆိုရင် ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ဘူး၊ တကယ့်နိုင်ငံရေး အပြောင်းအလဲ လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့ အဲဒါတွေပါလာဖို့ လိုတယ်။ ပါလာဖို့အတွက် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကျနော်တို့ရဲ့ သဘောထား၊ PC ရဲ့သဘောထားတွေ ကျနော်တို့ ပြန်ပြီး ညှိနှိုင်းကြတယ်။ တချို့ဟာတွေကိုတော့ ကိုယ့်သက်ဆိုင်ရာ မိခင်အဖွဲ့အစည်း၊ သက်ဆိုင်ရာဆီ ပြန်တင်ပြဖို့၊ တကယ်အလုပ်ဖြစ်နိုင်ဖို့ ကိစ္စကျတော့ နောက်အစည်းအဝေး တကြိမ်နှစ်ကြိမ် ထပ်တွေ့ကြဖို့ ရှိပါတယ်။ လောလောဆယ်တော့ အသေးစိတ်ဆွေးနွေးပြီး သဘောတူညီချက် ရတာတော့ ဘာမှမရှိပါဘူး”

နောက်တကြိမ် တွေ့ဆုံပွဲကို လာမယ့် အောက်တိုဘာလအတွင်း ပြုလုပ်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့တွေ့ဆုံပွဲ ဖြစ်မြောက်ဖို့အတွက် တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း (Sun Guoxiang) က ကြားဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ တက်ရောက်ပြီး၊ KIO အဖွဲ့က ကိုယ်စားလှယ်နှစ်ဦးနဲ့ UWSA အဖွဲ့က ကိုယ်စားလှယ်တို့က အသိသက်သေအနေနဲ့ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။