ဦးဖုန်ကြားရှင်ဈာပန မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဈာပနအခမ်းအနားကို ရှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) အခြေစိုက်ရာ မိုင်းလားမြို့မှာ မတ်လ ၂၉ ရက် မနေ့က ကျင်းပခဲ့ပါတယ်။

ဒီဈာပနကို မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ရက္ခိုင့်တပ်တော်( AA) က ထိပ်ပိုင်းခေါင်းဆောင်တွေလည်း တက်ရောက်တာ တွေ့ရပါတယ်။

တရုတ်နဲ့ ထိုင်းက ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဘက်က ရွှေတြိဂံဒေသကွပ်ကဲရေးမှူး ဗိုလ်ချုပ်မြင့်ထွန်းလည်း တက်ရောက်ပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကလည်း လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့တာပါ။

ဦးဖုန်ကြားရှင်ရဲ့ စျာပနကို သုံးရက်ကြာ ကျင်းပမှာဖြစ်ပြီးတော့ ပထမနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အပါအဝင် ဒေသခံ လူဦးရေ သုံးထောင်ကျော် တက်ရောက်ခဲ့တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

Pheung Kya-shin funeral-5.jpg
၂ဝ၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က စတင်ကျင်းပသည့် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဈာပနအခမ်းအနား ပထမနေ့ မြင်ကွင်း။ (Photo: Shwe Phee Myay News Agency)

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ကို တည်ထောင်ခဲ့တဲ့ ဦးဖုန်ကြားရှင်ဟာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းက မိုင်းလားမြို့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် (၉၄) နှစ် ရှိပါပြီ။ ကွယ်လွန်ပြီး တစ်လကျော်အကြာမှာမှ စျာပနကျင်းပတာလည်း ဖြစ်ပါတယ်။

MNDAA ကို စတင်တည်ထောင်သူလည်းဖြစ် ဥက္ကဋ္ဌဟောင်းလည်း ဖြစ်တဲ့ ဦးဖုန်ကြားရှင် ဟာ ၁၉၃၁ ခုနှစ်က တရုတ်-မြန်မာနယ်စပ်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။

သူဟာ ကိုးကန့်စော်ဘွားခေတ်မှာ ကာကွယ်ရေးခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ယူခဲ့ဖူးသလို ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှာလည်း တပ်မှူးအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

Phone-Kyar-Shin.jpg
၂ဝ၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က စတင်ကျင်းပသည့် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဈာပနအခမ်းအနား ပထမနေ့ မြင်ကွင်း။(Photo: Shwe Phee Myay News Agency)

အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ပုန်ကန်ခဲ့ပြီး MNDAA ကို ထူထောင်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးရယူ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၁) ကို ရယူခဲ့သူလည်း ဖြစ်ပါတယ်။