စစ်ကောင်စီ အပစ်ရပ်စဲရေးကို ချိုးဖောက်နေကြောင်း မြောက်ပိုင်းသုံးဖွဲ့ပြော

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်။ (ညီနောင်မဟာမိတ်သုံးဖွဲ့)

ရှမ်းပြည်နယ်မြောက်ပိုင်းက အပစ်ရပ်မှု “ဟိုင်ဂင်သဘောတူညီမှု”ကို စစ်ကောင်စီက အလေးမထားဘဲ ချိုးဖောက်နေတယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ကိုးကန့်ဒေသ မူပန်ခရိုင်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာခဲ့တဲ့အတွက် MNDAA ဘက်က တစ်ဦးသေဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လားရှိုးမြို့နယ်၊ နမ့်တွန်ရွာ တပ်စခန်းကနေ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ရဲ့ သိန္နီမြို့ နယ်စပ်တံတားဘက်ခြမ်းကို အဲဒီနေ့မှာပဲ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ဒါဟာ ဟိုင်ဂင် သဘောတူညီမှုကို စစ်ကောင်စီဘက်က ဒုတိယအကြိမ်မြောက် ချိုးဖောက်တာဖြစ်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ပထမအကြိမ် ချိုးဖောက်ခဲ့ပြီးပြီလို့ ဆိုပါတယ်။

ဟိုင်ဂင် သဘောတူညီမှုကို ချိုးဖောက်နေတာဟာ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အကူအညီကို စစ်ကောင်စီက စော်ကားနေတာ ဖြစ်တယ်လို့လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ တရုတ်အကူအညီနဲ့ အပစ်ရပ်ခဲ့တာဖြစ်ပါတယ်။