မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော် ဧပြီလကုန် တရားဝင်တေ့ွဆုံမည်
2019.04.24

အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့ ဧပြီ ၃၀ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ တရားဝင် တွေ့ဆုံဆွေးနွေးသွားမယ်လို့ တေ့ွဆုံပွဲဖြစ်မြောက်ဖို့ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့ဖြစ်တဲ့ KIA၊ AA၊ MNDAA၊ TNLA နဲ့ အစိုးရ၊ တပ်မတော်တို့ တရားဝင်တွေ့ဆုံပွဲမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေ တက်ရောက်နိုင်ဖို့ မျှော်လင့်ထားကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင် က RFA ကို ဒီနေ့ ပြောပါတယ်။
ဒီဆွေးနွေးပွဲကို အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရက္ခိုင့်တပ်မတော် AA ကတော့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်ပြီး စုစုပေါင်း ကိုယ်စားလှယ် ၆ ယောက် တက်ရောက်မယ်လို့ သိရပါတယ်။
AA ဘက်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေး နဲ့ ပဏာမ အပစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ ကိစ္စတွေ အဓိကထား ဆွေးနွေးသွားမယ်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က RFA ကို ပြောပါတယ်။
ပဏာမ အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ဖွယ် အခြေအနေ ရှိမရှိကိုတော့ တွေ့ဆုံ ဆွေးနွေးပွဲအခြေအနေပေါ်မှာ မူတည်တယ်လို့လည်း ခိုင်သုခက ဆိုပါတယ်။
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး NCA ကိစ္စ မဆွေးနွေးခင် ပဏာမ အပစ်ရပ်စာချုပ် ချုပ်ဆိုလိုကြောင်း မြောက်ပိုင်းအဖွဲ့တွေက တင်ပြခဲ့ကြပါတယ်။
ရက္ခိုင့်တပ်မတော် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်တွေ တောင်းဆိုနေတဲ့ ပဏာမအပစ်ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ တပ်မတော်၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဆွေးနွေးနေတဲ့ကာလမှာပဲ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတချို့ကို AA က တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်ဘက်က လက်မခံတော့ဘဲ ပျက်သွားခဲ့တာဖြစ်ပါတယ်။
ဒီလကုန်မှာ တွေ့ဆုံတဲ့အခါမှာတော့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အနေနဲ့ အပစ်ရပ်ရေးကိစ္စနဲ့ ပဏာမအပစ်ရပ်စာချုပ် ချုပ်ဆိုဖို့ကိစ္စအပါအဝင် IDP တွေ နေရပ်ပြန်ရေး ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဦးဆန်းအောင်ရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီကတော့ NRPC တာဝန်ရှိသူတွေဘက်က ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ကို အကြောင်းကြား ဆက်သွယ်လာတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန တာဝန်ရှိသူတွေထံ RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြောက်ပိုင်းအဖွဲ့ လေးဖဲ့ွထဲက MNDAA၊ TNLA နဲ့ AA တို့ဟာ ဒီနေ့ MNDAA ဌာနချုပ်မှာ အရေးပေါ်အစည်းအဝေး ကျင်းပပြီး ရခိုင်ပြည်နယ်မှာ တပ်မတော်က ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့၊ ရခိုင်ပြည်နယ်ကို ချန်မထားဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး ကြေညာဖို့၊ ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။