မြောက်ဥက္ကလာမှာ PR စနစ်ကန့်ကွက်သူ ၂၀၀ လောက် ဆန္ဒပြ


2014.11.01
pr-protest-north-oakkalar-305.jpg မြောက်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာလ ၁ ရက်နေ့က လူ ၂ဝဝ ခန့် ပီအာစနစ်အလိုမရှိ ဆန္ဒပြကြစဉ်
Photo: Kyaw Htoon Naing, Kyaw Lwin Oo/RFA

တိုင်းဒေသကြီးတွေမှာ ကျင့်သုံးမယ်ဆိုပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို ဆန့်ကျင်ကန့်ကွက် တဲ့အနေနဲ့ လူအင်အား နှစ်ရာလောက်က ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

PR စနစ် လွှတ်တော်မှာ တင်သွင်းစဉ်က ပြည်သူတွေရဲ့ သဘောထားဆန္ဒမပါပဲ တင်သွင်းခဲ့တာကြောင့် ကန့်ကွက်ဆန္ဒပြရတာဖြစ်ကြောင်း ဒီနေ့ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မြောက်ဥက္ကလာပမှာနေထိုင်သူ မဝါက ပြောပါတယ်။

"လွှတ်တော်အသံ ပြည်သူ့အသံ ဆိုတဲ့အတိုင်း ပြည်သူတွေရဲ့ဆန္ဒကို ယူပြီးတော့မှ လွှတ်တော်ထဲမှာ တင်သွင်းသင့်တယ်လို့ ကျမတို့က ယူဆတယ်၊ ကျမတို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ဒီပီအာစနစ် တင်သွင်းတာကို လုံးဝမသိခဲ့ရဘူး၊ မသိပဲနဲ့ သူ့သဘောဆန္ဒနဲ့သူ တင်သွင်းခဲ့တယ်ပေါ့၊ နောက်အခု ပီအာစနစ်ဆိုတာလည်း မြန်မာနိုင်ငံ လက်ရှိပကတိအခြေအနေနဲ့ မသင့်တော်သေးဘူးလို့ ယူဆတဲ့ အတွက်ကြောင့်မို့ ကျမတို့ကန့်ကွက်ရတာပါ"

ပြည်သူလူထုနားလည်ရန် ခက်ခဲသော PR စနစ်အလိုမရှိ ၊ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး PR စနစ် ဖျက်သိမ်းပေးနဲ့ မဲဆန္ဒရှင်ပြည်သူကို အလေးမထား PR တင်သွင်းသူ ဝေးဝေးသွား စတဲ့ဆိုင်းပုဒ်တွေကို ကိုင်ပြီး ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းကနေ ခေမာသီလမ်းအတိုင်း ကန်သာယာလမ်းဆုံအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

ပြီးခဲ့တဲ့လက ရွှေပြည်သာ၊ လှိုင်သာယာ၊ တာမွေ၊ ပုဇွန်တောင်နဲ့ ကျောက်တံတား စတဲ့မြို့နယ်တွေမှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။