စာပေဟောပြောပွဲ ဖျက်သိမ်းလိုက်ရ


2014.02.13
literature-talk-305.jpg ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖျက်သိမ်းလိုက်တဲ့ ရန်ကုန် မြို့ မြောက်ဥက္ကလာပမြို့နယ်က စာပေဟောပြောပွဲ ကို တွေ့ရစဉ်
photo: ခွန်ဒီးယမ် ဖေ့ဘုတ်

မနေ့ညက ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် စာပေဟောပြောပွဲကို ရန်ကုန်မြို့ မြောက်ဥက္က လာပမြို့နယ်မှာ ကျင်းပဖို့ ပြင်ဆင်နေစဉ်မှာ အဲဒီ စာပေဟောပြောပွဲမှာ အစ္စလာမ်ဘာသာဝင် နှစ်ဦး ပါဝင်တာကြောင့်ဆိုပြီး သံဃာတစ်ချို့က လာရောက် တားမြစ်ခဲ့တာကြောင့် စာပေဟောပြောပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။

အဲဒီ ပြည်ထောင်စုနေ့ စာပေဟောပြောပွဲ မှာ ဟောပြောဖို့ စီစဉ်ထားသူတွေထဲမှာ တရား လွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးတို့ ပါဝင်ပါတယ်။ သူတို့နှစ်ဦး ပါတာကြောင့် မျိုးချစ်သံဃာများသမဂ္ဂအဖွဲ့ က ဟောပြောပွဲမကျင်းပဖို့ ကန့်ကွက်တာဖြစ်ကြောင်း ကြိုတင်အကြောင်းကြားခဲ့တယ်လို့ စာပေဟောပြောပွဲ စီစဉ်သူ မဇင်မာအောင်က ပြောပါတယ်။

“စာပေဟောပြောပွဲလုပ်တဲ့ကိစ္စမှာ စာရေးဆရာလေးဦး ကျမတို့စီစဉ်တယ်၊ နှစ်ဦးက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်နေတဲ့အတွက်ကြောင့်ဆိုပြီးတော့ အဲဒီစာရေးဆရာနှစ်ယောက်ကို ဖယ်ခိုင်းပါတယ်၊ ကျမတို့က လေးဦးစလုံးကို register လုပ်ပြီးတော့ သက်ဆိုင်ရာကလည်း ခွင့်ပြုထားပြီးသားဖြစ်နေတယ်၊ အချိန်တိုတိုအတွင်းမှာ ကျမတို့ ဘယ်လိုမှပြောင်းလဲဖို့ မဖြစ်နိုင်ဘူး”

အဲဒီစာပေဟောပြောပွဲဟာ မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ မနေ့ညက သံဃာအပါး ၁၀၀ ကျော်လောက် ကြွလာပြီး စာပေဟောပြောပွဲ မဖြစ်အောင် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ သံဃာတော်တွေက အဲဒီလူပုဂ္ဂိုလ် နှစ်ဦးမပါရင် ခွင့်ပြုတယ်လို့ မိန့်ခဲ့ပေမယ့် ဟောပြောမယ့်သူတွေက ဘာသာရေး၊ လူမျိုးရေး ခွဲခြားတာကို လက်မခံနိုင်ကြောင်း လျှောက်ထားခဲ့တယ်လို့ အဲဒီပွဲမှာ ဟောပြောဖို့စီစဉ်ခဲ့တဲ့ စာရေးဆရာ သန်းစိုးနိုင်က ပြောပါတယ်။

“စာရေးဆရာများက စာပေဟောပြောပွဲ လုပ်ကြတယ်ဆိုတာ ကျနော်တို့ပြည်သူတွေ အသိပညာရဖို့အတွက် ကျနော်တို့တတ်နိုင်သမျှ မှတ်မိခဲ့ရာ အခြေအနေလေးတွေကို ကျနော်တို့လာရောက်ပြီး ရှင်းပြတဲ့သဘောပါပဲ၊ အဲဒီမှာ အမျိုး ဘာသာ သာသနာ ထိခိုက်မယ့်ကိစ္စ လူမျိုးရေးကိစ္စတွေ မပါပါဘူး၊ အခုကျင်းပတဲ့ပွဲကလည်း ပြည်ထောင်စုနေ့မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအကြောင်းကို ပြောကြမှာပဲဖြစ်ပါတယ်”

အဲဒီ မြောက်ဥက္ကလာပ စာပေဟောပြောပွဲ ဖျက်သိမ်းခဲ့ရတာနဲ့ ပတ်သတ်ပြီး စာပေဟောပြောပွဲ ကျင်းပရေးအဖွဲ့က မြောက်ဥက္ကလာပမြို့နယ်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။