ရှေးဟောင်းနယ်မြေ တိုက်ပွဲကင်းစင်ရေး ရခိုင်လွှတ်တော် တောင်းဆို


2019.09.25
rakhine-parliament-622.jpg ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးကို ၂၀၁၉၊ စက်တင်ဘာ ၂၅ ရက်နေ့က ကျင်းပစဉ်
ဓါတ်ပုံ - ရခိုင်ပြည်နယ်သတင်း

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ မှာ နှစ်ဖက်အဖွဲ့တွေအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ လူနေကျေးရွာရပ်ကွက်တွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်တာ မလုပ်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီမံဆောင်ရွက်ပေးသင့်ကြောင်း တိုက်တွန်းတဲ့အဆိုကို စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။

အဆိုတင်သွင်းရတဲ့အကြောင်းကို မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အခုလိုပြောပါတယ်။

"ပန်းမြောင်းကျေးရွာအလယ်ခေါင်မှာ တည်ပြီးတော့ပစ်နေတဲ့ တောင်ကုန်းကသေးသေးလေးပါ ဝ.၄၆ ဧကလောက်ပဲရှိတယ်။ အဲဒီကုန်းလေးမှာ စေတီတစ်ဆူရှိတယ်၊ ဘုရားတစ်ပါးနဲ့ ဓမ္မာရုံရှိတယ်၊ အဲဒီ အထဲမှာ ခိုကပ်ပြီးတော့ လက်နက်ကြီး အမြောက်လေးငါးခြောက်လုံး တည်ပြီးတော့ ပစ်နေကြတာဟာ၊ အဲဒီက လက်နက်ကြီးတစ်လုံးပစ်လိုက်တိုင်း အဲဒီတောင်ခြေထဲမှာ ဘုန်းကြီးကျောင်းရှိတယ်၊ အဲက ဘုန်းကြီးဟာ ထိုင်ရာကနေ ထထိုင်တာပဲ၊ အဲဒီအခြေအနေလောက်ကြီးကို ရှိတဲ့အတွက် ကျွန်တော်တို့က ပြောမယ်ဆိုရင်တော့ဗျာ ဒီဟာတွေဟာ အများကြီးအခက်အခဲတွေ ကြုံတွေ့နေရတဲ့အတွက် ဒီအဆိုတောင် အဲဒီအခြေအနေပေါ်မူတည်ပြီးတော့ ဖြစ်လာတာလို့ ကျွန်တော်ပြောချင်ပါတယ်"

ပြည်သူတွေ အမှန်တကယ် ဒုက္ခရောက်နေတဲ့အတွက် လွှတ်တော်ကနေ တရားဥပဒေဘောင်နဲ့အညီ အစိုးရကို တိုက်တွန်းတာဖြစ်တယ်လို့ ဦးလှသိန်းအောင်က ဆိုပါတယ်။

အဲ့ဒီအဆိုကို ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းဝေး မှာ ဆွေးနွေးရာမှာ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက မှတ်တမ်းအဖြစ် ထားရှိဖို့ တင်ပြခဲ့ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် ကျန်တဲ့ ကိုယ်စားလှယ် အားလုံးက ကန့်ကွက်တာ မရှိခဲ့ပါဘူး။

ဒါကြောင့် ဦးလှသိန်းအောင် တင်သွင်းတဲ့ အဆိုကို အတည်ပြုကြောင်း လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ သူတို့အနေနဲ့ အဲ့ဒီလို တပ်စွဲပြီး နေရာယူထားတာ မရှိဘူးလို့ RFA ကို ပြောပါတယ်။

"သာသနိကအဆောက်အဦတွေကို ကာဗာယူပြီးတော့ တိုက်နေတဲ့ဟာက ဒါဗမာစစ်တပ်ဘက်က တိုက်နေတာဖြစ်တယ်၊ တစ်ချို့နေရာတွေဆိုလို့ရှိရင် အဲဒီမှာ ဘုန်းကြီးကျောင်းခြံထဲမှာ လက်နက်ကြီး တည်ထားတဲ့ဥစ္စာတွေရှိတယ်၊ အခုဒီပန်းမြောင်းဘက်မှာဆိုလို့ရှိရင် အဲဒီ အောင်မင်္ဂလာဘုရား တောင်ပေါ်ကနေပြီးတော့သူတို့ အဲ့ဒီဘုန်းကြီးကျောင်းခြံမှာ လက်နက်ကြီးတွေတည်ထားတာ၊ မြောက်ဦးမြို့နယ်ထဲမှာလည်း နေရာတော်တော်များများရှိတယ်ဗျ။ ဗမာစစ်တပ်ဘက်နေ လက်နက်ကြီး တည်ပြီးတော့ ပစ်နေတာတဲ့ဟာတွေက ဒါသာသနိက အဆောက်အဦနေရာတွေဖြစ်တယ်၊ မျက်လုံး စုံမှိတ်ပြီးတော့ ငြင်းနေရုံနဲ့တော့ မပြီးဘူးဗျ၊ တကယ့်လက်တွေ့မြေပြင်မှာ ရှိနေသလား မရှိနေဘူးလား ဆိုတာကို သူတို့အစစ်ဆေးခံရဲသလား၊ အခုနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ သွားကြည့်တဲ့ အချိန်မှာ သူတို့ကနေပြီးတော့ အဲဒီနေရာတွေကို သူတို့လိုက်ပြရဲလားဆိုတဲ့ဟာလည်း ဒါမေးခွန်းထုတ်စရာရှိတာပေါ့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှမဟုတ်ပါဘူး၊ ဒေသခံတွေ အကုန်လုံးသိပါတယ်နော်။ ဘယ်သူကနေပြီးတော့ ဘယ်နေရာမှာနေရာယူထားပြီးတော့ ပစ်နေသလဲနော်၊ အဲဒီသာသနိကအဆောက်အဦတွေမှာ သွားပြီးတော့ ပစ်ကျင်းတူးပြီးတော့ စောင့်နေတဲ့ဟာက ဘယ်တပ်ဖွဲ့တွေလည်းဆိုတာ ဒါပြည်သူလူထုအားလုံးသိတဲ့ကိစ္စဗျ"

ရခိုင်မဟာမုနိဘုရား၊ ကျောက်တော်တောင်၊ မင်းပြားက ကျိန်းတောင်နဲ့ ပန်းမြောင်းကျေးရွာက အောင်မင်္ဂလာစေတီတော်ကုန်း၊ မြောက်ဦးက လင်းမြွေတောင်စေတီတော်နောက်ကျောက တောင်ကုန်းတွေပေါ်မှာ နေရာယူပြီး တိုက်ခိုက်မှုတွေရှိနေတယ်လို့ ဦးလှသိန်းရဲ့အဆိုမှာ ပါရှိပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သူတို့အနေနဲ့ အဲ့ဒီလို အခြေချ တပ်စွဲထားတာတွေ မရှိဘူးလို့ ငြင်းဆိုပါတယ်။

"ကျွန်တော့အမြင်ပြောရရင်တော့ အဲလိုမျိုးပြောတာကောင်းတယ်၊ ဘာလို့ကောင်းတယ်ပြောရလဲဆိုတော့ ကျွန်တော်တို့ကတော့ ရခိုင်ပြည်နယ်မှာ တပ်မတော်အနေနဲ့ကတော့ သူ့တပ်ရင်း တပ်ဖွဲ့တွေ အခြေချစရာရှိပြီးသားဖြစ်တယ်၊ သူ့လုံခြုံရေးစခန်းတွေနဲ့သူ ရှိပြီးသားဖြစ်တယ်၊ ကျွန်တော်တို့အနေနဲ့ ခုနပြောတဲ့ ဘုရားကျောင်းကန်လိုနေရာမျိုးတွေမှာ တပ်စွဲစရာအကြောင်းလည်း မရှိဘူး၊ တပ်စွဲစရာ အကြောင်းမရှိဘူး၊ ဘုရားကျောင်းကန်လိုနေရာမျိုးတွေမှာ သွားရောက်ပြီးတော့ အခြေချနေထိုင်ဖို့လည်း မရှိပါဘူး၊ မြောက်ဦးကိစ္စနဲ့ပတ်သက်ပြီး ဒီဘုရားကျောင်းကန်တွေနဲ့ ပတ်သက်ပြီးတော့က ဒီနေရာတွေမှာ ဝင်ရောက်နေရာယူခဲ့တာ ဘယ်သူတွေလည်းဆိုတာလည်း ဒေသခံတွေရော တစ်ခြားအဖွဲ့အစည်းတွေရော သူတို့ပဲအသိဆုံးဖြစ်ပါလိမ့်မယ်ဗျ"

အဲ့ဒီလိုငြင်းဆိုတဲ့အပေါ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ အောင်မင်္ဂလာစေတီတော်ကုန်းနားမှာ နေထိုင်တဲ့ ဒေသခံ ကိုကျော်ဇင်က အခုလိုပြောပါတယ်။

"ပန်းမြောင်း အောင်မင်္ဂလာတောင်ပေါ်မှာရှိနေတာ ဒီ ရခိုင့်တပ်တော်ကနေတာမဟုတ်ဘူး၊ မြန်မာ့ တပ်မတော်ကအခြေစိုက်ပြီး သူတို့ကလက်နက်ကြီးတွေထောက်ပြီး တစ်နေကုန်ဆိုသလိုထုနေတာပဲ၊ အဲ့ဒီအပေါ်မှာသူတို့ကမနေဘူးဆိုတာ ငြင်းတယ်ဆိုတာ ဘယ်လိုခေါ်မလဲ လူမဆန်တဲ့အသုံးအနှုန်းတွေ သုံးတယ်လို့ပဲ ကျွန်တော်တို့ကမြင်တယ်၊ ကိုယ်လုပ်ရင်လုပ်တယ်လို့ပြောနိုင်ရမှာပေါ့၊ ပြောရဲရမှာပေါ့၊ ဘုရားတောင်ပေါ်ကနေ ခုတုံးမလုပ်ဘူးလို့ဆိုတာ ပြောတာကတော့ မှန်ကန်တဲ့စကားမဟုတ်ဘူးလို့ ကျွန်တော်ကတော့မြင်ပါတယ်၊ ပန်းမြောင်း အောင်မင်္ဂလာတောင်ပေါ်က ဆိုလို့ရှိရင်တော့ သူတို့က လက်နက်ကြီးတွေ အခုအချိန်အထိတော့ ဖြုတ်လည်းမဖြုတ်သေးဘူး၊ အဲဒီတောင်ပေါ်ကလည်း မဆင်းသေးဘူး၊ နောက်တစ်ခုကဆိုလို့ရှိရင် မင်းပြားမှာဆိုရင် ကျိန်းတောင်အပေါ်မှာရှိသေးတယ် သူတို့က လက်နက်ကြီးတွေနဲ့"

အဆိုကို ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ အနိုင်ရရှိခဲ့တဲ့အတွက် အစိုးရရဲ့ လုပ်ဆောင်မှုကို စောင့်ကြည့်ရမယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် ပြောပါတယ်။

"အစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီးတစ်ဦးပဲ အစိုးရဘက်ကနေ အဲ့ဒီအဆိုကို မှတ်တမ်းတင်ဖို့အတွက် တောင်းဆိုတယ်၊ အဲဒါကိုအတည်ပြုဖို့ ကျွန်တော်ကတောင်းဆိုတဲ့အခါ မဲခွဲတဲ့အခါ ၃၁ ဦးက ထောက်ခံတယ်၊ တပ်မတော်သားကိုယ်စားလှယ်တွေအပါအဝင် အတည်ပြုဖို့အတွက် ၃၁ ဦးရတယ်၊ အဲ့တော့ လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့တယ်၊ နောက် လုပ်ဆောင်ဖို့အပိုင်းကျတော့ အစိုးရအပေါ် မူတည်တယ်၊ ကျွန်တော်တို့ကလည်း ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားတွေ ရှိတာပေါ့နော်"

နှစ်ဘက်တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှာ ဗုံးခိုကျင်းထဲ ဝင်ခိုနေတဲ့ မိသားစုဝင်တွေ သေဆုံးခဲ့ရတာ၊ မင်းပြားမြို့နယ် စပါးထားကျေးရွာက ဘုန်ကြီးကျောင်းအတွင်း လက်နက်ကြီးကျည်ကျလို့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာ၊ မြောက်ဦးမြို့နယ် အောင်တပ်ကျေးရွာမှာ ဒေသခံတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိကြောင်း ဦးလှသိန်းအောင်ရဲ့ အဆိုမှာ ထောက်ပြထား ပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ် ပန်းဘဲချောင်းကျေးရွာက မဟာမုနိရတနာ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲလို့ အဆောက်အဦတွေ ပျက်စီးတာနဲ့ မင်းပြားမြို့နယ်က ပန်းမြောင်းကျေးရွာမှာ လက်နက်ကြီးကျလို့ ကျောင်းသားငယ်တွေ သေဆုံးခဲ့ရတာစတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာကြောင့် အဲ့ဒီလို ထပ်မဖြစ်စေအောင် ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူရမယ်လို့ အဆိုမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ လူ ၈၀ ကျော်အထိ ရှိနေသလို ထိခိုက် ဒဏ်ရာရ သူတွေကတော့ လူပေါင်း ၁၂၀ ကျော်လောက်အထိ ရှိနေပြီလို့ ရခိုင်အရပ်ဖက်အဖွဲ့တချို့က ပြောဆိုထားပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။