သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်မှုတွေ ရရှိလာတယ်ဆိုပေမယ့် ပြည်သူအများစုရဲ့ လူနေမှုအဆင့် သိသိသာသာ မြင့်တက်မလာသေးတဲ့အတွက်၊ ဒီအခြေအနေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုတွေရှိလာလိမ့်မယ်လို့ မြန်မာနိုင်ငံအရေးလေ့လာသူပညာရှင်တွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် Carnegie Endowment for International Peace အဖွဲ့က ကမကထပြုုပြီး ဝါရှင်တန်ဒီစီမှာ မနေ့ကကျင်းပခဲ့တဲ့ Myanmar: What's Next? ဆိုတဲ့ ဆွေးနွေးပွဲမှာ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ စီးပွားရေးပညာရှင် Lax Rieffel က ဘာပဲဖြစ်ဖြစ် အစိုးရသစ်အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး မျက်နှာစာတွေမှာ တိုးတက်မှုတွေရရှိနေပါတယ်၊ တချိန်တည်းမှာ မြန်မာပြည်လူဦးရေ သန်းငါးဆယ် ခြောက်ဆယ်ရဲ့ (၈၀) ရာနှုန်းကတော့ပြီးခဲ့တဲ့(၂) နှစ်အတွင်း သူတို့ရဲ့လူနေမှုအဆင့်တိုးတက်မှု အနည်းအကျဉ်းသာ တွေ့ရှိခဲ့ကြရပါတယ်၊ ဒါဟာ ဦးသိန်းစိန် အစိုးရအတွက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကနေ ထင်ရှားတဲ့စီးပွားရေးတိုးတက်မှုတွေ မပြနိုင်ဘူးဆိုရင် မဲဆွယ်ရာမှာ အခက်တွေ့နိုင်ပါတယ်၊ ဒါ့ပြင်နောက်တက်မယ့် အစိုးရဟာလည်း မတည်ငြိမ်မှုတွေ၊ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် အနေအထားတွေနဲ့ကြုံရနိုင်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရေနံ၊ ဓါတ်ငွေ့၊ သတ္တု၊ ကုန်စည်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဆိုင်ရာပြဿနာတွေ၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ စိန်ခေါ်ချက်တွေ၊ နိုင်ငံခြားအကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတိထားစရာတွေအကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဆွေးနွေးသူ နောက်တစ်ဦးဖြစ်တဲ့ ဂျော့ချ်တောင်းတက္ကသိုလ် အာရှလေ့လာရေးဌာန ပါမောက္ခ Dadid Steinberg က ၂၀၀၈ အခြေခံဥပဒေဆိုတာ နိုင်ငံအုပ်ချုပ်ရေးမှာ စစ်တပ်ကဆက်လက်ပါဝင်ဖို့ဆိုတာကလွဲပြီး တခြားအဓိပ္ပါယ်မရှိပါဘူး၊ ဒီအခြေအနေဟာ အချိန်ကာလတစ်ခုတော့ ကြာဦးမှာပါ၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားတို့ကို ကြည့်ဖို့လိုပါတယ်၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စုက ဘယ်လိုအကဲဖြတ်မလဲဆိုတာလည်း အရေးကြီးပါတယ် လို့ ပြောကြားခဲ့ပါတယ်။