ဆရာအတတ်သင်ကောလိပ် ဝင်ခွင့်ကိစ္စ NNER ရှုတ်ချ
2017.02.03
ဆရာအတတ်သင် ပညာရေးကောလိပ်နဲ့ ဒီပလိုမာသင်တန်းတွေ ခေါ်ယူရာမှာ မသန်စွမ်းတွေ အရပ်ပုသူတွေနဲ့ LGBT တွေကို လက်မခံဘူးလို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာကို ပြင်းထန်စွာ ကန့်ကွက်ရှုတ် ချကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က မနေ့က ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
မသန်စွမ်းတွေ၊ အရပ်ပုသူတွေနဲ့ LGBT တွေကို သင်တန်းမှာ လက်မခံတာနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ကပေးတဲ့ အကြောင်းပြချက်တွေဟာ ခိုင်လုံမှုမရှိဘဲ ခွဲခြားဆက်ဆံပြီး စော်ကားရာရောက်တယ်လို့ NNER အဖွဲ့က ကိုစိုးထွန်းက ပြောပါတယ်။
"သူတို့အကြောင်းပြချက်က ကျန်းမာရေးလေ့ကျင့်ခန်းသင်တန်းတွေ ကိုယ့်လက်လှုပ်ရှားတဲ့လေ့ကျင့် ခန်းတွေ လုပ်တဲ့အခါမှာ ဒီလိုဖြစ်နေရင် မကောင်းဘူးပေါ့ ဆရာဆရာမဆိုတာ စွယ်စုံတတ်နေစရာ မလိုဘူး ဆိုင်ရာဆိုင်ရာပဲကျွမ်းကျင်ဖို့လိုတယ်။ အကြောင်းပြချက်ကလဲ မခိုင်လုံဘူး၊ ခွဲခြားဆက်ဆံ ပြီးနှိမ်ချလိုက်တယ် ဒါတွေက စော်ကားရာရောက်တယ်"
ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၁၆- ၁၇ ပညာသင်နှစ်အတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ပညာ ဒီပလိုမာတန်းဝင်ခွင့်မှာ မသန်စွမ်း၊ မိန်းမလျာ၊ ယောက်ျားလျာ၊ ပိုလီယိုရောဂါရှိသူ၊ ခြေပူးလက်ပူးပါရှိ သူ၊ ခြေပွားလက်ပွားပါရှိသူ၊ မျက်စိစွေစောင်းသူ၊ ကျောက်မျက်လုံး တပ်ဆင်ထားရသူနဲ့ အရပ် ၄ ပေ ၈ လက်မအောက် ကျောင်းသား၊ ကျောင်းသူတွေကို တက်ရောက်ခွင့်မပြုကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။
သန်စွမ်းမှု၊ မသန်စွမ်းမှု၊ လိင်သဘာဝကွဲပြားမှုတွေကို ခွဲခြားတာဟာ လူ့ဂုဏ်သိက္ခာကို စော်ကားချိုးနှိမ် ရာရောက်ပြီး နိုင်ငံသားတွေရဲ့ ပညာသင်ယူခွင့်ကို ကန့်သတ်လိုက်တာဖြစ်တဲ့အတွက် NNER အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်း NNER ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။