အမျိုးသား ပညာရေးဥပဒေမူကြမ်း NNER ပညာရေးအဖွဲ့ ကန့်ကွက်


2014.01.05
nner-305.jpg ရန်ကုန်တိုင်း၊ အင်းစိန်မြို့ မြန်မာနိုင်ငံ ခရစ်ယာန်ကျမ်းစာများ အသင်းမှာ ဇန်နဝါရီလ ၅ ရက်နေ့က ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်
Photo: RFA

အစိုးရက ရေးဆွဲထားတဲ့ "၂၀၁၄ ခုနှစ် အမျိုးသားပညာရေးဥပဒေ (မူကြမ်း)"၊ "တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး(မူကြမ်း)" တွေကို ကန့်ကွက်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့ မြန်မာနိုင်ငံ ခရစ်ယာန် ကျမ်းစာများအသင်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက် တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် အမျိုးသားပညာရေး ဥပဒေမူကြမ်းနဲ့ တက္ကသိုလ်များဗဟိုကောင်စီ ဖွဲ့စည်းရေးမူကြမ်းတွေမှာ ပညာရေးလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတဲ့အချက်တွေ ပါဝင်တာကြောင့် NNER က ကန့်ကွက်တာဖြစ်တယ်လို့ NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“တက္ကသိုလ်ဗဟိုကောင်စီ ဖွဲ့စည်းရေးဆိုပြီးတော့ ထည့်သွင်းဆွေးနွေးထားတယ်၊ ဒီတက္ကသိုလ်တွေရဲ့ လွတ်လပ်ခွင့်ကို သွားတာမဟုတ်ဘဲနဲ့ နောက်ထပ်ချုပ်ကိုင်ဖို့ သွားတယ်လို့ ကျနော်တို့ သုံးသပ်တယ်၊ ၂ဝ၁၄ ခုနှစ် အမျိုးသားပညာရေး ဥပဒေမူကြမ်းဆိုပြီးတော့ ရေးထားတယ်၊ ပညာရေးရဲ့ ရည်မှန်း ချက်ပေါ့၊ မြန်မာအမျိုးသား စရိုက်လက္ခဏာများကို အခြေခံပြီး တွေးခေါ်ယူဆမှန်ကန်သော နိုင်ငံ သားကောင်းများဖြစ်ထွန်းအောင် လေ့ကျင့်ပျိုးထောင်ပေးရေးဆိုတဲ့ သမ္မတရုံးကလုပ်တဲ့ ပညာရေး ရည်မှန်းချက်တွေကို ကျနော်တို့သဘောမတူဘူး”

အဲဒီဥပဒေ (မူကြမ်း) တွေကို  ပညာရေးနယ်ပယ်က ပညာရှင်တွေ၊ ကျောင်းသား/သူတွေ၊ တိုင်းရင်းသားပညာရှင်တွေ၊ မသန်စွမ်းတွေ၊ သာသနာရေးနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးတာမရှိဘဲ ရေးဆွဲထားတာဖြစ်တယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

NNER ရဲ့ အမျိုးသား ပညာရေးမူဝါဒမူကြမ်းနဲ့ သဘောထားထုတ်ပြန်ချက်ကို အစိုးရက ဖွဲ့စည်းထားတဲ့  လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီရဲ့ လုပ်ငန်းအဖွဲ့ ၁၈ဖွဲ့ဆီ ပေးပို့ထားတယ်လို့လည်း ပြောပါတယ်။

NNER အဖွဲ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျောင်းသားသမဂ္ဂများ ၊ တက္ကသိုလ်ဆရာ ဆရာမများအသင်း၊ တိုင်းရင်းသား ပညာရေး စာပေနဲ့ ယဉ်ကျေးမှု စတဲ့အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရကို အကြံဉာဏ်ပေးဖို့ စုပေါင်းဖွဲ့ထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။