အကျပ်အတည်းမဖြေရှင်းဘဲ ရွေးကောက်ပွဲလုပ်ရန်အားထုတ်မှု မွန်ပြည်သစ်ပါတီ ဝေဖန်

စစ်ကောင်စီက လက်ရှိနိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းဘဲ ရွေးကောက်ပွဲကျင်းပဖို့ အားထုတ်နေတာဟာ သွေးထွက်သံယိုမှုပိုများတဲ့ ပဋိပက္ခကို ဦးတည်စေတယ်လို့ စစ်ကောင်စီရဲ့ဆွေးနွေးဘက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) က ဖေဖော်ဝါရီလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့ဝင်များနှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

စစ်ကောင်စီက လက်ရှိနိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းဘဲ ရွေးကောက်ပွဲကျင်းပဖို့ အားထုတ်နေတာဟာ သွေးထွက်သံယိုမှုပိုများတဲ့ ပဋိပက္ခကို ဦးတည်စေတယ်လို့ စစ်ကောင်စီရဲ့ဆွေးနွေးဘက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ် ပါတီ (NMSP) က ဖေဖော်ဝါရီလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

၇၆ နှစ်မြောက် မွန်အမျိုးသားနေ့အတွက် NMSP က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြခဲ့တာပါ။

နေပြည်တော်ကိုသွားပြီး စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းမှုတွေလုပ်နေပေမယ့် စစ်ကောင်စီ ဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်စွဲနေတဲ့အတွက် တိုင်းရင်းသားအခွင့်အရေး ရဖို့ အလှမ်းဝေးနေဆဲလို့လည်း ဝန်ခံခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုပဲ ဖိတ်ခေါ်ဆွေးနွေးနေတာက လုံလောက်မှုမရှိတော့ဘူးလို့ ထောက်ပြထားပြီး နိုင်ငံတစ်ဝန်းပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းအသစ်တွေကိုပါ ဖိတ်ခေါ်ဆွေးနွေးရတော့မယ် လို့ ဆိုပါတယ်။

ဒီအပြင် အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့လည်း မွန်ပြည်သစ် ပါတီက တိုက်တွန်းခဲ့ပါတယ်။

စစ်ကောင်စီကတော့ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ် (PDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့နဲ့ မဆွေးနွေးနိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။

NMSP ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းဖြစ်သလို အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ နှစ်ကြိမ်ထက်မနည်း စေ့စပ်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org