စစ်ကောင်စီ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ NMSP-AD ထုတ်ပြန်

RFA Burmese
2024.03.28
စစ်ကောင်စီ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ NMSP-AD ထုတ်ပြန် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအား စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်နေသည့် နေအိမ်များကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်လို့ မတ်လ ၂၈ ရက်နေ့က မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ (NMSP-AD) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဗျူဟာကို သုံးလေ့ရှိတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောပါတယ်။

"ဒီလိုအဖြစ်အပျက်မျိုးတွေက တိုက်ပွဲဖြစ်တိုင်း ဖြစ်တိုင်း၊ စကစတွေက ရွာတွေကို ပစ်တယ်၊ ရွာကို မီးရှို့တယ်၊ နောက် အပြစ်မဲ့ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်တယ်၊ ဒါက သူရဲ့လုပ်နည်းဗျူဟာဖြစ်တယ်၊ ကျွန်တော်တို့ မွန်ဒေသတင်မဟုတ်ဘူး၊ အခြားဒေသတွေမှာလည်း ဒီလိုနည်းဗျူဟာနဲ့ သုံးတယ်၊ မွန်ပြည်သူလူထုအနေနဲ့ စကစ နည်းဗျူဟာကို နားလည်ဖို့လိုတယ်၊ အတူလက်တွဲကျော်ဖြတ်ဖို့ သတင်းစကားပေးချင်တာပါ"

မတ်လ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်တာမရှိဘဲ ဂျိုင်းမြစ်ထဲမှာရှိတဲ့ စစ်ကောင်စီစစ်င်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဓမ္မသကျေးရွာက နေအိမ် သုံးရာကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒီအပေါ် မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်းလည်း ပြောထားပါတယ်။

NMSP- AD အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာက စစ်ကောၚ်စီရဲစခန်းကို မတ်လ ၂၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက်၊ ကော့ဝမ်း၊ ကော့ဒွန်းကော့ပနော၊ အံဂစင်နဲ့ အနီးအနားရှိ ကျေးရွာတွေကို နေ့စဉ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်သၚ်္ဘောကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့သလို သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောၚ်နေရတယ်လို့လည်း ပြောထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို မွန်ပြည်သူတစ်ရပ်လုံးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူညီပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

NMSP-AD ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။